အမျိုးသမီးတွေကို ဘိုကိုဟာရမ်က ရှေ့တန်း ပို့နေ

  • 27 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ဂျီးရီးယား အစိုးရဘက်က ဆိုးဆိုးရွားရွား ပျက်ကွက်တယ်လို့ ဝေဖန်ခံနေရ

နိုင်ဂျီးရီးယား နိုင်ငံမှာ ရှိတဲ့ အစ္စလာမ္မစ် အစွန်းရောက် ဘိုကိုဟာရမ် အဖွဲ့ဟာ သူတို့ ဖမ်းဆီးသွားတဲ့ အမျိုးသမီးနဲ့ မိန်းကလေး တွေကို သူတို့ စစ်တိုက်ရာမှာ ကူညီဖို့ စစ်မြေပြင် ရှေ့တန်းကို အတင်းအကြပ် ပို့လွှတ် အသုံးပြုနေကြောင်း လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ HRW ရဲ့ အစီရင်ခံစာ အရ သိရပါတယ်။

၂၀၀၉ ခုနှစ် နောက်ပိုင်း ဘိုကို ဟာရမ်အဖွဲ့က ဖမ်းဆီး သွားခဲ့တဲ့ အမျိုးသမီးနဲ့ မိန်းကလေး အရေအတွက်ဟာ ခုချိန်အထိ ၅၀၀ လောက် ရှိသွားပြီလို့ ယူဆရကြောင်း HRW ရဲ့ အစီရင်ခံစာက ဆက်လက် ဖော်ပြပါတယ်။

အဲဒီ အရေ အတွက်ဟာ အခုနှစ် ဧပြီလက ဖမ်းဆီး ခံခဲ့ရတဲ့ ကျောင်းသူ ၂၀၀ လည်း အပါအဝင် ဖြစ်ပါတယ်။

သူတို့ လွတ်မြောက်ရေး ဆောင်ရွက်ဖို့ နိုင်ဂျီးရီးယား အာဏာပိုင်တွေ ဘက်က ဆိုးဆိုးရွားရွား ပျက်ကွက် ခဲ့ကြတယ်လို့ အစီရင်ခံစာ ထဲမှာ စွပ်စွဲ ထားပါတယ်။

မကြာသေးခင် ကတော့ နိုင်ဂျီးရီးယား အစိုးရက ဘိုကိုဟာရမ် စစ်သွေးကြွ တွေနဲ့ အပစ်ရပ်ဖို့ သဘော တူညီမှု ရခဲ့ပြီး၊ သဘောတူညီချက် တစိတ်တပိုင်း အရ မိန်းကလေးတွေ ပြန်လွတ် လာမယ်လို့ ပြောခဲ့ ပေမယ့် ဘိုကိုဟာရမ် ဘက်ကတော့ ဒီကိစ္စအပေါ် တစုံတရာ အတည်ပြုခြင်း မရှိခဲ့ပါဘူး။

အဲဒီလို အပစ်ရပ်ဖို့ သဘောတူညီပြီး နောက်ပိုင်း ပြီးခဲ့တဲ့ ကြာသပတေး နေ့ကလည်း အယောက် ၃၀ ကို ထပ်မံ ဖမ်းဆီး သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ