ပိုလီယို ပျောက်ဖို့ ပါကစ္စတန် မဆောင်ရွက်ဘူးလို့ ဝေဖန်ခံရ

  • 28 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင်
Image caption ပိုလီယို ရောဂါ ဖြစ်ပွားမှု ၈၀ ရာခိုင်နှုန်းဟာ ပါကစ္စတန် နိုင်ငံမှာ ဖြစ်

ပါကစ္စတန်နိုင်ငံမှာ ပိုလီယို ရောဂါ လုံးဝ ကင်းစင်သွားရေး စီမံကိန်းဟာ မျှော်လင့်ချက် မရှိလောက်အောင် စမ်းတဝါးဝါး ဆက်သွားနေ ရဆဲ ဖြစ်ပြီး အောင်မြင်မှု မရှိခဲ့ဘူးလို့ အဲဒီမှာ ပိုလီယို ရောဂါ ချုပ်ငြိမ်းသွားရေး ကြိုးပမ်းမှု တွေကို စောင့်ကြည့် လေ့လာနေတဲ့ IMB နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး ဘုတ်အဖွဲ့ကြီးရဲ့ အစီရင်ခံစာထဲမှာ ဖေါ်ပြ ထားပါတယ်။

ကမ္ဘာတဝှမ်း ပိုလီယို ရောဂါ အမြစ်ဖြုတ် နှိမ်နှင်းရေး ကြိုးပမ်းမှုတွေမှာ အခုအခါ ပါကစ္စတန် နိုင်ငံဟာ အဓိက အတားအဆီး ဆူးငြှောင့် ခလုတ်ကြီး ဖြစ်နေတယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ထံ တင်ပြတဲ့ အဲဒီအစီရင်ခံစာထဲမှာ ဖေါ်ပြ ထားပါတယ်။

ပိုလီယို ရောဂါ အမြစ်ပြတ်သွားရေးမှာ ပါကစ္စတန် အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ လုံးဝ ပြည့်စုံ လုံလောက်မှု မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

အခုနှစ်တွင်း ပိုလီယို ရောဂါ ဖြစ်မှု စုစုပေါင်းရဲ့ ၈၀ရာခိုင်နှုန်းဟာ ပါကစ္စတန် နိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။

ဒါပေမယ့်လည်း ဒါဟာ ပိုလီယို ရောဂါ အများဆုံး ဖြစ်ပွားရာ နေရာတွေမှာ ကာကွယ်ဆေး လိုက်ခံ ထိုးပေးတဲ့ အဖွဲ့တွေအပေါ် တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေ လတ်တလော တိုးပွားလာနေတာကြောင့် ဖြစ်တယ်လို့ ပါကစ္စတန် အစိုးရက ပြစ်တင် ပြောဆိုလိုက်ပါတယ်။