အမေရိကန်မှာ လုံခြုံရေး တိုးမြှင့်

ဓာတ်ပုံ မူပိုင် Getty
Image caption လုံခြုံရေးတွေ တိုးမြှင့် ချထားမယ်လို့ အမေရိကန် ပြည်တွင်း လုံခြုံရေး ဝန်ကြီး ထုတ်ဖော် ကြေညာ

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့နဲ့ နိုင်ငံတဝှမ်းက တခြား မြို့တွေမှာ ရှိတဲ့ အစိုးရ အဆောက်အအုံ တွေမှာ လုံခြုံရေးတွေ တိုးမြှင့် ချထားမယ်လို့ အမေရိကန် အစိုးရက ထုတ်ဖော် ကြေညာ လိုက်ပါတယ်။

အမေရိကန်နိုင်ငံကို အကြမ်းဖက် အုပ်စုတွေက တိုက်ခိုက်မယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိခဲ့အပြီးမှာ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အခုလို လုပ်တာလို့ အမေရိကန် ပြည်တွင်း လုံခြုံရေး ဌာနက ပြောပါတယ်။

အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေကို ဦးစီး ဆောင်ရွက်နေသူတွေနဲ့ ပိုင်ရှင်တွေရော ပြည်သူ အများစုပါ နိုးနိုးကြားကြား သတိနဲ့ နေကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကနေဒါနိုင်ငံ ပါလီမာန် အဆောက်အအုံနားမှာ စစ်သားတဦး သေနတ် ပစ်သတ်ခံရပြီး သေဆုံး သွားခဲ့အပြီးမှာ အမေရိကန် အစိုးရက အခုလို ထုတ်ဖော် ကြေညာလိုက်တာ ဖြစ်ပါတယ်။