လိုင်ဘေးရီးယားမှာ အီဘိုလာ ကူးစက်နှုန်း တုံ့နှေးလာ

  • 29 အောက်တိုဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လိုင်ဘေးရီးယားမှာ အလောင်း ကောက်ရနှုန်း လျော့လာ

အီဘိုလာ ကူးစက် ပြန့်ပွားမှုကို အဆိုးရွားဆုံး ခံစားရတဲ့ လိုင်ဘေးရီးယား နိုင်ငံမှာ အခုတော့ ရောဂါ ပြန့်ပွားမှုနှုန်း နှေးကွေး လာပြီလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO က ပြောပါတယ်။

ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ တုံ့ပြန် လုပ်ဆောင်မှုတွေ အသာစီး ရလာပြီလို့ ယုံကြည်ရကြောင်း WHO ရဲ့ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Bruce Aylward က ပြောပါတယ်။

ဒါပေမယ့် ဒီအခြေအနေဟာ ကပ်ရောဂါ ဘေးက လွတ်မြောက် သွားပြီလို့ ယူဆဖို့ မဟုတ်ကြောင်းလည်း သူက သတိပေး ပါတယ်။

ကမ္ဘာလုံး အတိုင်းအတာနဲ့ အီဘိုလာ ကူးစက်ခံရသူ အခုအချိန်အထိ ၁၃၇၀၃ ယောက် ရှိပြီး သေဆုံးသူ အရေအတွက် ကတော့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ဖို့ ရှိရာမှာ အယောက် ၅၀၀၀ ကျော်သွားမယ့် အလားအလာ ရှိနေပါတယ်။

လိုင်ဘေးရီးယားမှာ ပြီးခဲ့တဲ့ အပတ်က သေဆုံးသူ ၁၁၇ ယောက် ရှိခဲ့ပြီး သေနှုန်း အမြင့်ဆုံး ဖြစ်ခဲ့တဲ့ စက်တင်ဘာလမှာ ၃၁၅ ယောက် ရှိခဲ့တာနဲ့ နှိုင်းစာရင် လျော့ကျ သွားတယ်လို့ လိုင်ဘေးရီးယား ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

ရောဂါ ကုသဆောင် တွေမှာလည်း လူနာတွေ အတွက် ကုတင် အလွတ်တွေ ရှိလာပြီလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ