အရှေ့ယူကရိန်း ရွေးကောက်ပွဲကို အသိအမှတ်မပြု

  • 3 နိုဝင်ဘာ 2014
9_poroshenko_ukr_304x171 ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်းသမ္မတ ပိုရိုရှန်ကို

ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကို က ပြီးခဲ့တဲ့ စက်တင်ဘာလက မင့်ခ်စ် မြို့ မှာ ယူကရိန်း အစိုးရ နဲ့ အရှေ့ ယူကရိန်းဒေသ တို့ အကြား သဘောတူညီချက် ကို ချိုးဖေါက်တဲ့ အတွက် မူလ က ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထူးနယ်မြေ သတ်မှတ်ပေးမဲ့ အစီအစဉ် ကို ဖျက်သိမ်းမဲ့ အကြောင်း ပြောပါတယ်။

အကြောင်း ကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့ က ဒီဒေသ တွေ မှာ ရွေးကောက်ပွဲ ကျင်းပ လို့ ပဲ ဖြစ်ပါတယ်။ ရုပ်မြင်သံကြား ကနေ သမ္မတ ပိုရိုရှန်ကို က မိန့်ခွန်းပြောရာမှာ ယူကရိန်း အစိုးရ အနေနဲ့ မင့်ခ်စ် သဘောတူညီချက် ကို စောင့်ထိန်းပေမဲ့ တဖက် က ဖေါက်ဖျက်တဲ့ အတွက်၊ အစိုးရ အနေနဲ့ လည်း ပေးအပ်ဖို့ ရှိတဲ့ အခွင့်အရေး ကို ပြန်လည် ပြုပြင်ဖို့ လိုနေပါပြီ။ ဒါကြောင့်မို့ ကနေ့ အင်္ဂါနေ့ မှာပဲ အမျိုးသား လုံခြုံရေး နဲ့ ကာကွယ်ရေး ကောင်စီ နဲ့ အစည်းအဝေး ခေါ်ပြီး လက်ရှိ အခြေအနေ ကို သုံးသပ်ဆွေးနွေး ဖို့ လိုနေပြီ လို့ ပြောသွားတာပါ။

ဥရောပ ဆိုင်ရာ နေတိုး စစ်တိုင်းမှူး ဗိုလ်ချုပ်ကြီး ဖီးလစ် ဘရိဒ်လဗ် ကလည်း တနင်္ဂနွေ နေ့ က ဒေါ့ညက်စ် နဲ့ လူဟန်ခ်စ့် ဒေသ တို့ ရဲ့ ရွေးကောက်ပွဲ ကို အသိအမှတ် မပြုဘူး လို့ ဆိုပါတယ်။ နေတိုး အနေနဲ့ ထောက်ခံမှု လည်း မပြုရခြင်း က ဒီလို လုပ်ခြင်းဟာ နှစ်ဘက် အငြင်းပွားမှု ကိုလည်း အထောက်အကူ မပြုဘူး လို့ ထင်တဲ့ အကြောင်း၊ ဒါ့အပြင် မင့်ခ်စ် သဘောတူညီချက် အတိုင်း မလိုက်နာတဲ့ အတွက် အရှည်သဖြင့် အရှေ့ ယူကရိန်းရဲ့ အခြေအနေ ဟာ ကောင်းလာစရာ မမြင်ဘူး လို့ ပြောတာပါ။

ရုရှဘက်ကတော့ အခုကျမှပဲ၊ ရွေးချယ်ခံ အရှေ့ယူကရိန်းကိုယ်စလှယ် တွေ ဟာ ယူကရိန်း အစိုးရ နဲ့ တန်းတူ အဆင့် ဆွေးနွေးနိုင်ပြီ လို့ မှတ်ချက်ချပါတယ်။