ကရင်ပြည်နယ် စစ်ပွဲတွေမှာ တပ်မ ၆၆ က စစ်ရာဇဝတ်တွေ ကျူးလွန်ခဲ့တယ် လို့ ဟားဗတ် လောစကူးလ်က ပြော

  • 6 နိုဝင်ဘာ 2014
_harvard_law_school
Image caption မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေ အတွက် ခိုင်လုံတဲ့ သက်သေတွေ ရှိကြောင်း ဟားဗတ် လောစကူးလ်က ပြော။

ဟားဗတ်လောစကူးလ်ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်က မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ အတွင်းမှာ မြန်မာ စစ်တပ် ဟာ စစ်ရာဇဝတ်မှု နဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် လို့ စွပ်စွဲ ထားပါတယ်။

သူတို့ တွေ့ရှိချက် အရ စစ်ရာဇဝတ်မှု (War Crimes) နဲ့ လူမဆန်တဲ့ ရာဇဝတ်မှု Crime against Humanity) ကို ကျူးလွန်တဲ့ အမှုတွေ အတွက် အဓိက တာဝန်ရှိသူ တွေဟာ လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို၊ မြန်မာ့တပ်မတော် အထူး စစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး တို့ ဖြစ်ပါတယ်။

အဲဒီ အစီရင် ခံစာအရ ၂၀၀၅ ခုနှစ် ကနေ ၂၀၀၈ ခု အထိ ကရင်ပြည်နယ် ထဲမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကို အဓိက ရည်ညွှန်းပါတယ်။

စောစောက ပြောခဲ့တဲ့ စစ်အရာရှိကြီး ၃ ယောက်ဟာ ခြေမြန်တပ်မ ၆၆ ကိုတာဝန်ယူပြီး ကရင်ပြည်နယ်မှာ ကေအန်ယူနဲ့ စစ်တိုက်ခဲ့စဉ်က ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာမှာ ဖော်ပြခဲ့တာက ကရင်ပြည်နယ် သံတောင်မြို့ ဟီးဒေါ်ကာ ရွာမှာ ရွာထဲကို မော်တာတွေ နဲ့ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။ ရွာထဲက ထွက်ပြေးလာ တဲ့ ရွာသားတွေ ကိုလည်း သေနတ်နဲ့ ပစ်ခတ် ခဲ့ပါတယ်။ ဖမ်းမိတဲ့ ရွာသားတွေကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာမှာ အနည်းဆုံး အိမ်အလုံး ၃၀ မီးလောင် ခဲ့တယ်လို့ အစီရင်ခံစာ မှာ ရေးသား ထားပါတယ်။

ဒီလို ဆောင်ရွက်ချက် တွေဟာ စစ်ရာဇဝတ်မှု နဲ့ လူမဆန် တဲ့ ရာဇဝတ်မှု မြောက်ကြောင်း ပြောဆိုပြီး အဲဒီ ဆောင်ရွက်မှုတွေ အတွက် လူသက်သေ နဲ့ တခြားခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ သူတို့ဆီမှာ ရှိတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် ကျော်ညွန့် ကတော့ အဲဒီ့ အစီရင်ခံစာ ဟာ မှားနေတယ်၊ ရယူထားတဲ့ သတင်း အရင်းအမြစ်ဟာ လည်း တဘက်တည်း ကနေသာ ရယူ ထားတာ တွေ ဖြစ်နေတယ် လို့ နယူးယောက်တိုမ်းစ် သတင်းစာကို ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ