ဂျီဟတ် ဝါဒီတွေ စစ်တိုက်ဖို့ သင်္ဘောနဲ့ အရှေ့အလယ်ပိုင်းကိုသွား

  • 7 နိုဝင်ဘာ 2014
ကလေးများကို ဂျီဟတ်အတွက်လေ့ကျင့် ဓာတ်ပုံ မူပိုင် AP
Image caption ကလေးများကို ဂျီဟတ်အတွက်လေ့ကျင့်

အင်တာပို နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့အဆိုအရ အရှေ့ အလယ်ပိုင်း စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို ဘာသာရေး စစ်ဆင်နွှဲမယ့် ဂျီဟတ်ဝါဒီတွေက အခုအခါ လေကြောင်းအစား ပင်လယ်ကူး ခရီးသည်တင် သင်္ဘောတွေနဲ့ သွားကြတယ်လို့ဆိုပါတယ်။ အီရတ်နဲ့ ဆီးရီးယားရှိ စစ်သွေးကြွတွေနဲ့ သွားပူးပေါင်းမယ့် ဂျီဟတ်ဝါဒီ တွေဟာ တူရကီအပါအဝင် ဒေသတွင်း နိုင်ငံတွေကို ခရီးသည်တင်ခရုစ် သင်္ဘောကြီးတွေနဲ့ သွားကြပါတယ်။

ဒီလိုနည်းလမ်းနဲ့ စစ်သွေးကြွ ဘယ်လောက် ခရီးထွက်တယ်ဆိုတာ စာရင်းအတိအကျတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဒီပြဿနာပိုဆိုးမလာမီ အခုအခါ လေဆိပ်က ခရီးသည်စာရင်းကိုစစ်သလို သင်္ဘော လုပ်ငန်းတွေကို လည်း စစ်ဆေးသင့်ပြီလို့ အင်တာပိုက ပြောပါတယ်။

တူရကီ နိုင်ငံကတော့ နိုင်ငံခြားကလာတဲ့ ဂျီဟတ်ဝါဒီလို့ မသင်္ကာသူရာချီ ပြီး လွန်ခဲ့တဲ့ လတွေအတွင်း လေဆိပ်တွေ ဘတ်စ်ကားဆိပ်တွေ ကနေ ဖမ်းပြီး ပြန်ပို့နေတယ်လို့ တူရကီ အာဏာပိုင်တွေ ကပြောပါတယ်။ ဒီလိုဆောင်ရွက်မှု တွေကြောင့် ဖမ်းဆီးမခံရအောင် တိုက်ပွဲဝင်မယ့် သူတွေဟာ နောက်ထပ် ခရီးစဉ်မျိုး ရွေးရတယ်လို့ အင်တာပို အကြမ်းဖက်မှု တိုက်ဖျက်ရေး ညွှန်ကြားရေးမှူး ပီယဲစိန့် ဟီလယ်ရီကပြောပါတယ်။

အင်တာပိုရဲ့ အဆိုအရတော့ ဥရောပကနေ တဦးချင်း သွားသူတွေဟာ တူရကီက အစ်ဇ်မစ် နဲ့တခြားမြို့တွေကို သုံးတာ အထောက်အထားတွေ့ ရတယ်လို့ပြောပါတယ်။ ဒီလိုလမ်းလွှဲပြီး သင်္ဘော ပြောင်းစီးကြတာ သုံးလလောက်ပဲ ရှိပါသေးတယ်။ ကုလသမဂ္ဂရဲ့ မကြာမီက ထုတ်ပြန်ချက် အရအဆိုရင် အိုင်အက်စ် စစ်သွေးကြွတွေအပါအဝင် ဆီးရီးယားနဲ့ အီရတ်ရှိ အခြားအစွန်းရောက် အဖွဲ့တွေနဲ့အတူ ဝင်တိုက်ခိုက်ဖို့ နိုင်ငံပေါင်း ၈၀ကျော်မှ လူပေါင်း တသောင်း ငါးထောင် လောက်ပါဝင်ကြတယ်လို့ ခန့်မှန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ