ဓာတ်ပေါင်းဖို ပြန်ဖွင့်ဖို့ ဂျပန် အာဏာပိုင်တွေ ခွင့်ပြု

  • 7 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လာမယ့်နှစ်မှာ ပြန်ဖွင့်မယ့် Sendai နျူကလီးယား စက်ရုံ

ဂျပန်နိုင်ငံ တောင်ပိုင်း ကာဂိုရှီမာ ပြည်နယ်မှာ ဆူနာမီ အန္တရာယ်က ကင်းလွတ်အောင် ပိတ်ထားခဲ့တဲ့ ဆန်ဒိုင်း နျူကလီးယား စက်ရုံကို လာမယ့် နှစ်မှာ ပြန်ဖွင့်ဖို့ ဒေသ အာဏာပိုင် တွေက ခွင့်ပြု လိုက်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ဆူနာမီ ဒဏ်ကြောင့် ဖူကူရှီးမား နျူကလီးယား စက်ရုံမှာ ဓာတ်ငွေ့ ယိုစိမ့်မှု ဖြစ်ပွား ပြီးနောက် အန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ တင်းကြပ်တဲ့ စည်းကမ်းတွေ အရ ဂျပန်နိုင်ငံမှာ ရှိတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ အားလုံးကို ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန် နိုင်ငံ အနေနဲ့ စွမ်းအင် လိုအပ်ချက် အတွက် နျူကလီးယား စွမ်းအင်ကို ဆက်လက် မှီခို အားထား နေရဆဲပဲလို့ ကာဂိုရှီမာ ပြည်နယ် အုပ်ချုပ်ရေးမှူး ယူအီချီရို အီတို က ပြောပါတယ်။

နျူကလီးယား စွမ်းအင်က စိတ်ချရတယ် ဆိုတဲ့ ယုံတမ်း စကားဟာ လုံးဝ မှားယွင်း ခဲ့ပေမယ့် ဂျပန် နိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေတွေ အရ နျူကလီးယား စက်ရုံတွေကို လောလောဆယ်မှာ အပြောင်းအလဲ လုပ်ဖို့ မလိုသေးဘူးလို့ ယူဆကြောင်း၊ စက်ရုံတွေ ပြန်ဖွင့်ဖို့ တဖြည်းဖြည်းချင်း လုပ်သွားဖို့ အရေးကြီးကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ယူအီချီရို အီတိုက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဂျပန် ပြည်သူ အများအပြားကတော့ နျူကလီးယား ဓာတ်ပေါင်းဖိုတွေ ပြန်လည်ပတ်မှာကို ကန့်ကွက် နေကြဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ