ဘာလင်တံတိုင်း ၂၅ နှစ်ပြည့်မှာ စစ်အေးကာလ မလွတ်သေး

  • 8 နိုဝင်ဘာ 2014
_berlin_wall_reuters ဓာတ်ပုံ မူပိုင် Reuters
Image caption ဘာလင်တံတိုင်း အကြွင်းအကျန် ပြတိုက်အသွင်

ဘာလင်တံတိုင်း ပြိုကျခဲ့တာ ဒီကနေ့ ဆိုရင် ၂၅ နှစ် ပြည့်ပါပြီ။ တံတိုင်းကြီး ပြိုကျ သွားတာနဲ့ ကွန်မြူနစ် အုပ်ချုပ်တဲ့ အရှေ့ဂျာမနီ နဲ့ ဒီမိုကရေစီ ထွန်းကားတဲ့အနောက် ဂျာမနီ တို့ ပြန်လည် ပူးပေါင်း မိတာ ကို ဘီဘီစီ သတင်းထောက် ဂျယ်နီ ဟီးလ် က သတင်း ပေးပို့လိုက်ပါတယ်။

၁၉၈၉ ခုနှစ် က စလို့ အနောက်အုပ်စု နဲ့ ရုရှ ဉီးဆောင်တဲ့ကွန်မြူနစ် အရှေ့ဥရောပ နိုင်ငံတွေ အကြား စစ်အေးကာလ လည်း ပြီးဆုံးသွားပြီ လို့ အများက မှတ်ယူထားတာပါ။ ဒါပေမဲ့ အသက် ၈၃ နှစ် ရှိနေပြီ ဖြစ်တဲ့ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မီခေးလ် ဂိုဘာချောဗ် ကတော့ ဒီလို မမြင်ပါဘူး။

ဘာလင်တံတိုင်း ၂၅ နှစ်ပြည့် အခန်းအနား ကို တက်ရောက်ဖို့ ဘာလင် က ဘရင်ဒဲန်ဘဂ် ဂိတ်ဝ အနီး အခန်းအနား ကျင်းပရာ နေရာ ရောက်လာတဲ့ မစ္စတာ ဂိုဘာချောဗ် ကဥရောပ နဲ့ အရှေ့အလယ်ပိုင်း မှာ သွေးမြေကျမှုတွေ ဖြစ်ပွားနေခြင်း ဟာ အဓိက နိုင်ငံကြီးတွေ အကြားမှာ ဆွေးနွေးပွဲတွေ ပျက်ပြားနေခြင်းဟာ အင်မတန် စိုးရိမ်စရာ ကောင်းလို့ စစ်အေး ကာလ ပြန်စနေပြီ လို့ တောင် ပြောလို့ ရနေ တဲ့ အကြောင်း အခု ယူကရိန်း မှာ ဖြစ်နေတဲ့ အရေးဟာ စစ်အေး တိုက်ပွဲ တွေ ပြန်ဖြစ်ဖို့ နီးကပ် နေပြီ လို့ ပြောယင်း ဥရောပ နဲ့ အမေရိကန် ကြောင့် လို့ ပြောသွားတာပါ။

အရှေ့ဥရောပ ဘက် ကို နေတိုး တပ်ဖွဲ့ တွေ တိုးချဲ့မှုတွေ၊ ၁၉၈၉ ခု ဘာလင် တံတိုင်း ပြိုကျ အပြီး နောက်ပိုင်း ရုရှ ရဲ့ အားနည်းသွားမှု ကို အမေရိကန် နဲ့ အနောက် အုပ်စု က သူတို့ရဲ့ အောင်နိုင်မှု အဖြစ် အခွင့်အရေး ယူခဲ့မှု တွေ ကို မစ္စတာ ဂိုဘာချောဗ် က ထောက်ပြခဲ့ပါတယ်။

သူ့ရဲ့ ဝေဘန်မှုတွေ ကို အနောက်အုပ်စု အနေနဲ့ လက်ခံဘွယ်ရာ မရှိပေမဲ့ ၊ အနောက်အုပ်စု နဲ့ ရုရှ ပြေလည်ဖို့ အရေး ဟာ တွေ့ဆုံဆွေးနွေးခြင်း အားဖြင့် ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ အကြံပြုလိုက်တာ ဖြစ်ကြောင်း ဘီဘီစီ သတင်းထောက် ဒေမီယံ မက်ဂီးနစ္စ က သုံးသပ်ပြပါတယ်။