မြန်မာပြည် ခရီးစဉ်ဟာ အိုဘားမားရဲ့ အာရှ-ပစိဖိတ်ရေးရာ မူဝါဒ အတွက် အရေးကြီး

  • 8 နိုဝင်ဘာ 2014
_barack_obama ဓာတ်ပုံ မူပိုင်
Image caption အာရှနဲ့ ဆက်ဆံရေး ကို အလေးပေးတဲ့ မူဝါဒကို ဖော်ဆောင်ဖို့ မြန်မာပြည် ခရီးစဉ် အပေါ် သမ္မတ အိုဘားမား အလေးထား။

အမေရိကန် သမ္မတ အိုဘားမား အတွက် အခုတခေါက် မြန်မာပြည် ခရီးစဉ်ဟာ နှစ်နိုင်ငံကြား ဆက်ဆံရေး အတွက် သာမက အမေရိကန်ရဲ့ အာရှဒေသ ဆက်ဆံရေး အတွက်ပါ အရေးကြီးတယ် ဆိုပြီး အမေရိကန် ပြည်ထောင်စု ရဲ့ Institute of Peace USIP အဖွဲ့အစည်း က ပြောပါတယ်။

၂၀၁၂ ခုနှစ်မှာ သမ္မတ အိုဘားမား မြန်မာပြည်ကို ၆ နာရီကြာ လာခဲ့ တုန်းကတော့ မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ ကို အားပေးဖို့ ဖြစ်ပြီး၊ အခု အခေါက် မှာတော့ နိုင်ငံတကာ နဲ့ ဒေသတွင်း အင်အားကြီး တွေ နဲ့ပါ တွေ့ဆုံမှာ ဖြစ်လို့ ၊ သူ့လက်ထက် မှာ ဆောင်ရွက်လာတဲ့ အမေရိကန်ရဲ့ အာရှ-ပစိဖိတ် ဒေသနဲ့ ဆက်ဆံရေး အပေါ် အာရုံစိုက်တဲ့ မူဝါဒ အတွက် အရေးကြီးတဲ့ ခရီးစဉ် တစ်ခု ဖြစ်တယ် ဆိုပြီး USIP ရဲ့ အကြီးတန်း အကြံပေး ပရက်စီလာ ကလက်ပ် က သုံးသပ်ပါ တယ်။

မြန်မာ့ နိုင်ငံရေး အတွက်လည်း မစ္စတာ အိုဘားမားဟာ သမ္မတ ဦးသိန်းစိန်၊ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံမှာ ဖြစ်သလို၊ မြို့ခံ လူငယ်တွေနဲ့လည်း တွေ့ဆုံတဲ့ အစီအစဉ်တခု လုပ်ပါလိမ့်မယ် ဆိုပြီး ပရက်စီလာ ကလက်ပ် က ဘီဘီစီကို ပြောပါတယ်။

မြန်မာ အစိုးရပိုင်းကိုတော့ ရိုဟင်ဂျာ အရေး ဖြေရှင်းဖို့ ပြင်းပြင်းထန်ထန် ပြောဖို့ ရှိတယ် ဆိုပြီးတော့လည်း မစ်ကလက်ပ် က ဆိုပါတယ်။

USIP အဖွဲ့အစည်းဟာ နိုင်ငံတကာ ပဋိပက္ခတွေကို အကြမ်းမဖက် ဖြေရှင်းနိုင်ရေး စွမ်းရည်တွေ မြင့်တက်အောင် ကွန်ဂရက်စ် လွှတ်တော်ရဲ့ ရံပုံငွေနဲ့ ထူထောင်ထားတာ ဖြစ်ပြီး၊ ပရက်စီလာ ကလက်ပ် ကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမန် တစ်ဦး အနေနဲ့ ဆောင်ရွက်ဖူးသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ