တရုတ်နဲ့ ရုရှား ဓါတ်ငွေ့ ရောင်းဝယ်ရေး သဘောတူ

  • 10 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် ap
Image caption ရုရှားနဲ့ တရုတ် ပိုနီးနီးကပ်ကပ် ပူးပေါင်းဖို့ ဂတိပြုခဲ့

တရုတ်နိုင်ငံ ဘီဂျင်းမြို့မှာ ဒီကနေ့ စတင်မယ့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ APEC ထိပ်သီးဆွေးနွေးပွဲ မစခင် တနင်္ဂနွေနေ့က တရုတ်နဲ့ ရုရှားသမ္မတတို့ သဘာဝဓါတ်ငွေ့ ရောင်းဝယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အမေရိကန်နဲ့ အမေရိကန်တို့ရဲ့ မဟာမိတ်တွေနဲ့ နှစ်နိုင်ငံစလုံး အငြင်းပွားမှုတွေ ရင်ဆိုင်နေရချိန်မှာ သူတို့အနေနဲ့ အရင်ကထက်ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ ကိုလည်း သူနဲ့ ရုရှားသမ္မတပူတင်တို့ ဂတိပြုခဲ့ကြတယ်လို့ တရုတ်သမ္မတ ရှီကျင်ပင်းက ပြောပါတယ်။

အခု လက်မှတ် ရေးထိုးခဲ့တဲ့ ဓါတ်ငွေ့ရောင်းချရေး သဘောတူညီချက်အရ ရုရှားက သဘာဝဓါတ်ငွေ့ကို ဆိုက်ဘေးရီးယားအနောက်ပိုင်းကနေ ပိုက်လိုင်းသစ်တွေနဲ့ တရုတ်နိုင်ငံကို ပို့ပေးရမှာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကတော့ အေပက်ထိပ်သီးဆွေးနွေးပွဲတက်ဖို့ တရုတ်နိုငငံကို ထွက်ခွာလာနေပြီး ဖြစ်ပြီး သူလည်း တရုတ်သမ္မတ ရှီကျင်ပင်းနဲ့ လာမယ့် ရက်တွေမှာ ဆွေးနွေးဖို့ ရှိပါတယ်။

အာရှဒေသက စစ်ရေးဆိုင်ရာတွေမှာ ဆိုင်ဘာသူလျှိုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ မြောက်ကိုရီးယားရဲ့ စိန်ခေါ် မှုတွေ အပါအဝင် ခက်ခဲတဲ့ ကိစ္စရပ် အတော်များများကို သူတို့ ရင်ဆိုင်ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။