အီရန်နဲ့ နျူးကလီးယားဆွေးနွေးပွဲ အောင်မြင်ပါ့မလား

  • 10 နိုဝင်ဘာ 2014
Image caption အမေရိကန် အီးယူနဲ့ အီရန်တို့ရဲ့ နျူးကလီးယား ဆွေးနွေးပွဲ

အီရန်နဲ့ နိုင်ငံတကာကြား နျူးကလီးယားကိစ္စဆိုင်ရာစေ့စပ်ဆွေးနွေးမှုတွေမှာ သဘောထားတွေ အကြီးအကျယ်ကွာဟနေဆဲဖြစ်ပြီး၊ ဒီစေ့စပ်ဆွေးနွေးမှုတွေ အောင်မြင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ဥရောပသမဂ္ဂ စေ့စပ်ညှိနှိုင်းသူ Catherine Ashton တို့ အိုမန် နိုင်ငံမှာ အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗတ် ဇာရိဖ် Javad Zarif နဲ့ တွေ့ဆုံ ဆွေးနွေးနေချိန်မှာ သမ္မတ အိုဘားမားက အခုလို ပြောခဲ့တာပါ။

အီရန်နျူးကလီးယားနဲ့ပတ်သက်လို့ အခုလ နှောင်းပိုင်း နောက်ဆုံးထားပြီး ပြည့်စုံ လုံလောက်တဲ့ သဘောတူညီချက်တရပ်ရရှိနိုင်ရေးမှာ အဟန့်အတားဖြစ်နေတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် သူတို့ ကြိုးစား ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

အခက်ခဲဆုံးကတော့ အီရန်ရဲ့ ယူရေနီယမ် သန့်စင်မှုကို ဘယ်လောက် အတိုင်းအတာအထိ ခွင့်ပြုမလဲ ဆိုတာနဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဘယ်အချိန်မှာ ဘယ်လို လျော့ချသွားမယ်ဆိုတဲ့ အချိန်ဇယားတခု ရေးဆွဲရေးတို့ ဖြစ်တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။