တရုတ်ရဲ့ ကုန်သွယ်ရေးဇုန် အစီအစဉ် အေပက် သဘောတူ

  • 11 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အေပက် အစည်းအဝေးမှာ တရုတ်နဲ့ အမေရိကန်တို့ သီးခြား ကုန်သွယ်ရေး စာချုပ်အတွက် အပြိုင် ကြိုးပမ်းခဲ့

တရုတ်နိုင်ငံ ဘေဂျင်း မြို့မှာ ကျင်းပခဲ့တဲ့ အေပက် ထိပ်သီး ဆွေးနွေးပွဲမှာ အာရှ ပစ္စဖိတ် ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန် တစ်ခု စတင် အကောင်အထည် ဖေါ်ရေး တရုတ် အစိုးရရဲ့ အစီအစဉ်ကို အတည်ပြု လိုက်ပါတယ်။

ဘေဂျင်းမြို့ အေပက် ဆွေးနွေးပွဲ အပြီးမှာ ပဏာမ အဆင့် လေ့လာမှုတွေ ၂ နှစ်ကြာ လုပ်ဆောင်ဖို့ ဆွေးနွေးပွဲ တက်ရောက်တဲ့ ခေါင်းဆောင်တွေက သဘောတူ ခဲ့ကြတာပါ။

ဒါဟာ လွတ်လပ်စွာ ကုန်သွယ်နိုင်မယ့် ဒေသ အသစ် တစ်ခု ပေါ်ပေါက်လာဖို့ အတွက် သမိုင်းဝင် ခြေလှမ်း တစ်ရပ် ဖြစ်တယ်လို့ တရုတ် သမ္မတ ရှီကျင်းပင် က ပြောပါတယ်။

တရုတ် အစိုးရက အဆိုပြုတဲ့ အာရှ ပစ္စဖိတ် ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်ရေး ဇုန် (FTAAP) စီမံကိန်းဟာ တရုတ် မပါဝင်တဲ့ ဒေသတွင်း အဖွဲ့တဖွဲ့ ဖွဲ့ဖို့ အမေရိကန် အစိုးရက လုပ်ဆောင် နေမှုနဲ့ အပြိုင် ဖြစ်ပါတယ်။

အမေရိကန် အစိုးရက လုပ်ဆောင် နေတဲ့ ပစ္စဖိတ် ဒေသ တဝန်း မဟာမိတ် အဖွဲ့ (TPP) ဖွဲ့ဖို့ စီမံကိန်းဟာ ဂျပန်နဲ့ ညှိနှိုင်း ဆွေးနွေးမှု တွေမှာ နှောင့်နှေးမှုတွေ ရှိခဲ့ပေမယ့် တိုးတက်မှုတွေ ရှိနေတယ်လို့ အမေရိကန် ဘက်က ပြောပါတယ်။

အဲဒီအဖွဲ့မှာ နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်ပြီး တရုတ်နဲ့ ရုရှား တို့ မပါဝင်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ