ပထမ ကမ္ဘာစစ် အတွင်း ကျဆုံးသူတွေကို အမှတ်ရ ဂုဏ်ပြု

  • 11 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption လန်ဒန်မျှော်စင်မှာ နောက်ဆုံး ပေါ်ပီ ပန်းပွင့် စိုက်ထူစဉ်

ပထမ ကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သူ စစ်မှုထမ်း အမျိုးသား အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ် အခမ်းအနားတွေ ဒီကနေ့ Armistice Day မှာ ကျင်းပခဲ့ကြပါတယ်။

ဒေသ စံတော်ချိန် နေ့လည် ၁၁ နာရီမှာ လူသန်းပေါင်း များစွာက ငြိမ်သက်စွာ အလေးပြု ခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ရှိတဲ့ Arc de Triomphe ဗိမာန် အောက်က အမည်မသိ စစ်သားဂူလို့ အမည်ပေးထားတဲ့ ဂူဗိမာန်မှာ သမ္မတ ဖရန်ဆွာ ဟော်လန်းဒ် က လွမ်းသူ့ ပန်းခွေ ချခဲ့ပါတယ်။

တစ်ခါ ပြင်သစ်နိုင်ငံ မြောက်ပိုင်းမှာ ကျဆုံးခဲ့တဲ့ ပြင်သစ်၊ ဗြိတိသျှနဲ့ ဂျာမန် စစ်သား ၆ သိန်း နီးပါးလောက်ရဲ့ အမည်တွေ ထွင်းထားတဲ့ အောက်မေ့ဖွယ် ဗိမာန် တစ်ခုကိုလည်း ဒီကနေ့ နေ့လည်ပိုင်းမှာ သမ္မတ ဖရန်ဆွာ ဟော်လန်းဒ် ကိုယ်တိုင် တရားဝင် ဖွင့်လှစ်ပေးဖို့ ရှိပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာတော့ Tower of London ဆိုတဲ့ လန်ဒန် မျှော်စင် ရဲတိုက်ကြီးမှာ ပထမ ကမ္ဘာစစ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ခင်းကျင်း ပြသထားတဲ့ ပေါ်ပီ ပန်းခင်းကြီးမှာ နောက်ဆုံး ပေါ်ပီ ပန်းပွင့်ကို စိုက်ထူ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ