တောင်ကိုရီးယား သင်္ဘောကပ္ပတိန် ထောင် ၃၆ နှစ်ကျ

  • 11 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပေါ့ဆမှုနဲ့သာ စီရင်ချက် ချတဲ့အတွက် ကျန်ရစ်သူ မိသားစုတွေ ဒေါသထွက်

တောင်ကိုရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလက ကူးတို့ သင်္ဘော နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး တာဝန် ပေါ့ဆမှုနဲ့ သင်္ဘော ကပ္ပတိန်ကို ထောင်ဒဏ် ၃၆ နှစ် ချမှတ် လိုက်ပါတယ်။

Sewol ဖယ်ရီ သင်္ဘော နစ်မြုပ်ချိန်မှာ လူ ၄၇၆ ယောက် တင်ဆောင် ထားပြီး ကျောင်းသားတွေ အများစု ပါဝင်တဲ့ အယောက် ၃၀၀ ကျော် သေဆုံး ခဲ့ရပါတယ်။

တရားရုံးရဲ့ စီရင်ချက်ကို ကက်ပတိန် Lee Joon-seok က လက်ခံ ခဲ့ပေမယ့် သေဆုံး သွားသူတွေရဲ့ ကျန်ရစ်သူ မိသားစု တွေကတော့ သူ့ကို လူသတ်မှုနဲ့ အပြစ် မပေးခဲ့တဲ့အတွက် အကြီးအကျယ် ဒေါသထွက် ခဲ့ကြပါတယ်။

သင်္ဘော အင်ဂျင်နီယာ ချုပ်ကိုတော့ လူသတ်မှုနဲ့ ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ပေမယ့် ကပ္ပတိန် ကိုတော့ တာဝန် ပေါ့ဆမှုနဲ့ပဲ စီရင်ချက် ချခဲ့တာ အပါအဝင် တရားရုံး ဆုံးဖြတ်ချက် တချို့ကို အမှုလိုက် ရှေ့နေတွေက အယူခံ ဝင်မယ်လို့ ပြောပါတယ်။

တခြား သင်္ဘော အမှုထမ်း ၁၃ ဦးကိုတော့ သင်္ဘောကို စွန့်ခွာမှု၊ ရေကြောင်း ဥပဒေ ချိုးဖောက်မှုတွေနဲ့ ထောင်ဒဏ် အနှစ် ၂၀ အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။

သင်္ဘော နစ်ချိန်မှာ ကပ္ပတိန်နဲ့ သင်္ဘော အမှုထမ်းတွေ ကိုယ်လွတ်ရုန်း ထွက်ပြေး သွားခဲ့ကြတယ် ဆိုတာ ပေါ်ထွက်လာ အပြီးမှာ လူထုအကြား အကြီးအကျယ် ဒေါသထွက် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ