ကြယ်တံခွန်ထက် အာကာသယာဉ် ဆင်းသက်နိုင်ခဲ့ပြီ

  • 12 နိုဝင်ဘာ 2014
bbc_304x171_bbc
Image caption ကြယ်တံခွန်ထက် ဖီလေး ဆင်းသက်တဲ့ ပုံစံ

အာကာသ သိပ္ပံ သမိုင်းမှာ တမူထူး တဲ့ သမိုင်း မှတ်တိုင် တခုကို ဥရောပ အာကာသ အေဂျင်စီ မှ စိုက်ထူလိုက် တဲ့ သတင်း ကို ဘီဘီစီ သတင်းထောက် ရေဘိုက်ကာ မိုရဲလ် က ပေးပို့ လိုက်ပါတယ်။

ရိုဆက်တာ အာကာသ ခရီးစဉ် အရ ပထမဆုံး အကြိမ် အဖြစ် ကြယ်တံခွန် ပေါ် ကို အာကာသယာဉ်ငယ် ဖီလေး ကို ဆင်းသက်စေတဲ့ အစီအစဉ် ဟာ မလွယ်လှတဲ့ ကြားကနေ ဥရောပ အာကာသ အေဂျင်စီ က တင်လွှတ်လိုက်တာပါ။

ခရီးအကွာအဝေး ၆ဒဿမ၄ ဘီလီယံ ကီလိုမီတာ ကို ခရီးနှင်ခဲ့တဲ့ အာကာသ ယာဉ်ငယ် ဟာ ရေခဲသေတ္တာ တလုံး အရွယ်အစားသာရှိပြီး ကြယ်တံခွန် မျက်နှာပြင်ထက် ဆင်းသက်နိုင် ခဲ့ပြီ ဆိုတဲ့ သတင်းရလိုက်တာနဲ့ ဂျာမနီ နိုင်ငံ ဒါမ်းရှတတ်မြို့ က အာကာသ အစီအစဉ် ထိန်းချုပ်စခန်း မှာ ဝမ်းမြောက်သြဘာသံ တွေ စည်ဝေခဲ့ပါတယ်။

ဥရောပ အာကာသ အေဂျင်စီ ရဲ့ ညွှန်ချုပ် Jean-Jacques Dordain က လည်း ကနေ့ဟာ သိပ်ကို ထူးခြား အရေးပါတဲ့ နေ့ပါ ဥရောပ အာကာသ အေဂျင်စီ ရဲ့ အောင်မြင်မှု တရပ်တင် မကပါဘူး တကမ္ဘာလုံးအတွက် ဖြစ်ပါတယ်။ သူတို့ရဲ့ ဖီလေး ယာဉ်ငယ်ဟာ ဉီးတည်တဲ့ ကြယ်တံခွန် ပေါ်က သတ်မှတ်နေရာ မှာ ဆင်းသက် နိုင်ခဲ့ပါပြီ လို့ဂုဏ်ယူ ဝမ်းမြောက်စွာ ပြောလိုက်တာပါ။

ဒါပေမဲ့ ကြယ်တံခွန် ရဲ့ မျက်နှာပြင် က ရေခဲလိုမာတဲ့ နေရာရှိ သလိုသဲမြေ လို ပျော့တဲ့ မျက်နှာပြင်လည်း ရှိပါတယ်။ ဒါကြောင့်မို့ ဖီလေး ယာဉ်ငယ် မှာ မျက်နှာပြင်ပေါ် ဝက်အူရစ် နဲ့ ထိုးဖေါက် ခြေကုပ်ယူ နိုင် တဲ့ ကိရိယာ တပ်ပေးထားတဲ့ ကြား က လွတ်ထွက်သွားပြီး နောက်တကြိမ် ကြယ်တံခွန် ရဲ့ မျက်နှာပြင် ပေါ် ကျသွားပါတယ်။ အဲဒီအတွက် ဖီလေး ယာဉ်ငယ် ဟာ နောက်ထပ် ပို့စရာ ကြယ်တံခွန် ရဲ့ သတင်း အချက်အလက်တွေ ကို မြေပြင် အာကာသ စခန်းဆီ မပို့နိုင် တော့ပါဘူး။ ကနေ့ ကြာသာပတေး နေ့မှာတော့ မြေပြင် ထိန်းချုပ်စခန်း ကနေ ပြုပြင်စရာတွေ ပြုမယ် လို့ ဆိုပါတယ်။

အချုပ်ပြောရရင် ကြယ်တံခွန် ပေါ် ကိုတော့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီ ဆိုတာကို ဘီဘီစီ သတင်းထောက် ရေဘိုက်ကာ မိုရဲလ် က ပြောပါတယ်။