G20 ဆွေးနွေးပွဲ ခေါင်းဆောင်တွေ ဘရစ္စဘိန်း ရောက်ရှိ

  • 14 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption G20 ဆွေးနွေးပွဲ မစခင် သြစတြေးလျ စီးပွားရေး အဖွဲ့မှာ ဝန်ကြီးချုပ် တိုနီအက်ဘော့ မိန့်ခွန်းပြောစဉ်

အခု သီတင်းပတ် အကုန်မှာ ကျင်းပမယ့် G20 စက်မှု အင်အားကြီး နိုင်ငံ ၂၀ရဲ့ ထိပ်သီး ဆွေးနွေးပွဲ အတွက် သြစတြေးလျ နိုင်ငံ ဘရစ္စဘိန်း မြို့မှာ နိုင်ငံ ခေါင်းဆောင်တွေ စုဝေး ရောက်ရှိ နေပါတယ်။

၂ ရက်ကြာ ကျင်းပမယ့် ဒီ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်မယ့် နိုင်ငံတွေ ထဲမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှား တို့ ပါဝင်ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

G20 ခေါင်းဆောင်တွေ အနေနဲ့ အလုပ်အကိုင်သစ်တွေ ဖန်တီးရေးလို၊ အခွန် လိမ်လည်မှုလို ကိစ္စတွေကိုလည်း ဆွေးနွေးဖွယ် ရှိတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောပါတယ်။

ယူကရိန်းနဲ့ ရုရှား ပြဿနာ ကိုလည်း ဒီဆွေးနွေးပွဲမှာ အလေးထား ဆွေးနွေးဖွယ် ရှိနေသလို၊ စည်းရုံး လှုံ့ဆော်သူ တွေကတော့ ကမ္ဘာ့ ရာသီဥတု အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လှုံ့ဆော် နေကြပါတယ်။

ဒီအချိန်မှာပဲ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ရုရှား အပေါ် အနောက်အုပ်စု နိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ဝေဖန် ပြောကြား လိုက်ပါတယ်။

ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ရုရှား တစ်နိုင်ငံတည်းကို ထိခိုက်စေမှာ မဟုတ်ဘဲ ကမ္ဘာ့ စီးပွားရေးကိုပါ ထိခိုက်မှာ ဖြစ်တယ်လို့ မစ္စတာ ပူတင်က သတိပေး ပြောကြား လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ