အိန္ဒိယ သားကြောဖြတ်မှု ဆေးကုမ္ပဏီ ပိုင်ရှင်တွေကို ထပ်ဖမ်း

  • 14 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဆေးရုံ တင်ထားရသူတွေထဲမှာ အချို့က အခြေအနေ စိုးရိမ်ရဆဲဟု ဆို

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ချပ်တီးစ်ဂါ ပြည်နယ်က အစိုးရ ဆေးခန်းမှာ သားကြောဖြတ် ခွဲစိတ်မှု ခံယူခဲ့တဲ့ အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ရ တာနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်နေရာမှာ အခုအခါ ဆေးကုမ္ပဏီ ၂ ခုရဲ့ ပိုင်ရှင်တွေကို ရဲတွေက ဖမ်းဆီး လိုက်ပါတယ်။

ကုမ္ပဏီ ပိုင်ရှင် တစ်ဦးနဲ့ သူ့ရဲ့ သားကို အထောက် အထားတွေ ဖျောက်ဖျက် ခဲ့တယ် ဆိုပြီး စွဲဆို ထားပါတယ်။

သားကြောဖြတ် ခွဲစိတ်မှုတွေ လုပ်ပေးခဲ့သူ ဆရာဝန် ကိုတော့ အခု သီတင်းပတ် အစောပိုင်း တုန်းက ဖမ်းဆီး ခဲ့ပါတယ်။

အဲဒီ ဆရာဝန်က သူ့အနေနဲ့ ဘာ အမှားအယွင်းမှ မလုပ်ခဲ့ဘူးလို့ ငြင်းဆို ခဲ့ပြီး ဆေး အာနိသင် ချွတ်ယွင်း မှုကြောင့် အခုလို ဖြစ်ရတာလို့ စွပ်စွဲ ပြောဆို ခဲ့ပါတယ်။

သေဆုံးသူ အမျိုးသမီးတွေကို ခွဲစိတ် စစ်ဆေးခဲ့မှု တွေရဲ့ ရလဒ်တွေ ကိုတော့ မထုတ်ပြန်သေးပါဘူး။

အမျိုးသမီး ၁၀၀ ကျော်ကို ဆေးရုံ တင်ထားရဆဲ ဖြစ်ပြီး အဲဒီ အထဲက အချို့က အခြေအနေ စိုးရိမ် နေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံမှာ လူဦးရေ အဆမတန် တိုးပွား လာနေမှုကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အနေနဲ့ အစိုးရက သားကြော ဖြတ်ပေးတဲ့ ဆေးခန်းတွေ ဖွင့်လှစ် လုပ်ဆောင် ပေးနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ