အီရတ်မှာ နောက်ထပ် အကူအညီ ပေးဖို့ အမေရိကန်တို့ ဆွေးနွေး

  • 16 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အီရတ်မှာ ရှိတဲ့ အမေရိကန် တပ်မှူးတွေနဲ့ ဗိုလ်ချုပ်ကြီး Demsey တွေ့ဆုံ ဆွေးနွေး

အမေရိကန် စစ်ဘက်ဆိုင်ရာ အဆင့်အမြင့်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး Martin Dempsey ဟာ IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင် အဖွဲ့ကို တိုက်နေတဲ့ အီရတ်နဲ့ ကာ့ဒ်စ် တပ်ဖွဲ့ဝင်တွေကို အကူအညီတွေ ထပ်ပေးဖို့အတွက် အီရတ်မှာ ရှိတဲ့ အမေရိကန် တပ်မှူးတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေပါတယ်။

ဒါ့အပြင် IS လက်နက်ကိုင်တွေအပေါ် အမေရိကန်တို့ လေကြောင်းကနေ တိုက်ခိုက်နေမှုတွေဟာ ဘယ်လောက် ထိရောက်မှု ရှိသလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်ကြီး Dempsey က သုံးသပ် စစ်ဆေးမှာ ဖြစ်ပါတယ်။

ဘဂ္ဂဒက်မြို့မှာ အီရတ် ဝန်ကြီးချုပ် ဟိုင်ဒါ အယ်လ် အဘာဒီနဲ့ တွေ့ဆုံခဲ့အပြီးမှာ ဗိုလ်ချုပ်ကြီး Dempsey ဟာ အီရတ်နိုင်ငံထဲက ကိုယ်ပိုင်လွတ်လပ်ခွင့် ယူထားတဲ့ ကာ့ဒ်စ် ဒေသရဲ့ အယ်ဘီး မြို့တော် ကိုလည်း သွားရောက်ခဲ့ပါတယ်။

ဘေဂျီးမြို့နားမှာ ရှိတဲ့ အကြီးဆုံး ရေနံ ချက်စက်ရုံနားတဝိုက်ကနေ IS လက်နက်ကိုင်တွေကို တိုက်ထုတ်နိုင်ခဲ့ပြီလို့ အီရတ် အစိုးရ ထောက်ခံအားပေးတဲ့ လက်နက်ကိုင် အဖွဲ့တွေက ထုတ်ဖေါ် ကြေညာခဲ့ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဗိုလ်ချုပ်ကြီး Dempsey အီရတ်နိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။