အမေရိကန် ၂ ဦးကို ထိုင်းရဲက ဖမ်းဝရမ်း ထုတ်

  • 18 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ပါဆယ်ထုပ် အကြောင်း တနင်္လာနေ့က ထိုင်းရဲက သတင်း ထုတ်ပြန်

ထိုင်းနိုင်ငံ ထဲကနေ ကလေးငယ် တစ်ဦးရဲ့ ဦးခေါင်း အပါအဝင် လူ့ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေကို အမေရိကန် နိုင်ငံထဲကို ပါဆယ်ထုပ်နဲ့ ပေးပို့ဖို့ ကြိုးစားခဲ့တဲ့ အမေရိကန် နိုင်ငံသား ၂ ဦးကို ထိုင်း ရဲတွေက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အဲဒီ အမေရိကန် ၂ ဦးကို ထိုင်းရဲတွေက စစ်ဆေး မေးမြန်းပြီးနောက် ပြန်လွှတ် ပေးခဲ့ရာမှာ အဲဒီ ၂ယောက်ဟာ ကမ္ဘာဒီးယား နိုင်ငံထဲကို ဝင်သွားတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။

သူတို့ဟာ အဲဒီ ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေကို ဘန်ကောက် ညစျေးကနေ ဝယ်ယူ ခဲ့တာလို့ ထွက်ဆို ခဲ့ကြပါတယ်။

ထိုင်း ဆေးရုံ တစ်ရုံကတော့ သူတို့ရဲ့ မှုခင်း ဆေးပညာ ဌာနက လူခန္ဓာ အစိတ်အပိုင်းတွေ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက အခိုးခံခဲ့ရကြောင်း တိုင်ကြား ထားပါတယ်။

အဲဒီ ပါဆယ်ထုပ်ကို DHL ရဲ့ ကုန်လှောင်ရုံ တစ်ခုမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး အထုပ်ထဲမှာ ကလေးငယ် တစ်ယောက်ရဲ့ ဦးခေါင်း တစ်ခု၊ သုံးပိုင်း ပိုင်းထားတဲ့ ကလေး ခြေထောက် တစ်ခု၊ ဓားဒဏ်ရာနဲ့ လူ့နှလုံး တစ်ခု၊ ဆေးမင်ကြောင် ထိုးထားတဲ့ လူ့ အရေအပြား အချို့တို့ ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ