အမေရိကန် မြောက်ဘက်အရပ်က နှင်းမုန်တိုင်း

  • 19 နိုဝင်ဘာ 2014
_us_snow ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် နှင်းမုန်တိုင်း

အမေရိကန် ပြည်ထောင်စု ရဲ့ အရှေ့မြောက် အရပ်မှာ နှင်းမုန်တိုင်း ကျတဲ့ အတွက် လူ ၇ ဦးသေဆုံး တဲ့ အနက် နယူးယောက်ပြည်နယ် အထက်ဖက် မှာ ၅ ဦး သေဆုံး ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေ နေ့ က စလို့ အမေရိကန် နိုင်ငံတဝန်း မှာ နှင်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူပေါင်း ၂၀ ခန့်ရှိပြီ လို့ ဘီဘီစီ သတင်းထောက်တွေ က သတင်းပေးပို့ လိုက်ပါတယ်။

မြန်မာပြည်ဖွား လူဦးရေ ၈၈၀၀ ခန့် နေထိုင်ကြတဲ့ ဘတ်ဖလိုးမြို့ မှာလည်း နှင်းထု ဟာ ခြောက်ပေ ခန့် ရှိနေပေမဲ့ မြန်မာ အများစု နေထိုင်တာက မြို့ ရဲ့ အနောက်ဘက်ခြမ်း ဖြစ်တဲ့ အတွက် နှင်းမုန်တိုင်း ရဲ့ ဆိုးဝါးတဲ့ ဒဏ် မခံရတဲ့ အကြောင်း မြို့ခံ မြန်မာကျောင်းသား ကိုဘသိန်းလတ် က ဘီဘီစီ ကို ပြောပါတယ်။ မြို့ရဲ့ တောင်ဘက်ခြမ်း မှာ နှင်းမုန်တိုင်းဒဏ် ကို ခံကြရတဲ့ အကြောင်း ပြောပါတယ်။

အစိုးရ ဘက်ကလည်း မုန်တိုင်းကျတော့မယ် ဆိုတာ ကို ကြိုတင် သတိပေးထားသလို အမျိုးသား အစောင့်တပ် အရံတပ်ဖွဲ့ဝင်တွေ ကို ရာဂဏန်း နဲ့ ချီ ချထားပေးကြောင်း၊ လိုအပ်တဲ့ အကူအညီပေးရေး လည်း ညွှန်ကြားထားကြောင်း သိရပါတယ်။

မနေ့ က ဗုဒ္ဓဟူးည အထိ နှင်းမုန်တိုင်း အန္တရာယ် ရှိသေးတဲ့ အတွက် အိမ်အပြင် မထွက်ကြဖို့လည်း နှိုးဆော် ထားပါတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ အဆိုးဝါးဆုံး နှင်းမုန်တိုင်း လို့ သိရတဲ့ အပြင်၊ အမေရိကန် ပြည်ထောင်စု ထဲက ပြည်နယ် ၅၀ လုံးမှာ အအေးလွန်ကဲ တဲ့ ရာသီဥတု ဒဏ် ခံရတဲ့ အတွက်၊ ပူနွေးမှု ရှိတဲ့ ဖလော်ရီဒါ နဲ့ ဟာဝိုင်ရီ ကျွန်း အထိ သက်ရောက်မှု ရှိတဲ့ အကြောင်း လည်း ကိုဘသိန်းလတ် က ဘီဘီစီ ကို ရှင်းပြပါတယ်။