ယူကရိန်းမှာ အပစ်ရပ်ပြီး နောက်ပိုင်း ၁၀၀၀ ခန့် သေဆုံး

  • 20 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption နောက်ဆုံးပေါ် လက်နက်ဆန်းတွေ အများအပြား အသုံးပြုမှုဟာလည်း လူ့အခွင့်အရေး အခြေအနေကို ထိခိုက်တယ်လို့ ဆို

ယူကရိန်း အရှေ့ပိုင်းမှာ အစိုးရတပ်နဲ့ ခွဲထွက်ရေး သူပုန်တွေကြား အပစ်ရပ်ဖို့ သဘောတူခဲ့တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်ကနေ စပြီး ခုချိန်ထိ တစ်နေ့ကို ပျမ်းမျှ ၁၃ ယောက် သေဆုံး ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြောပါတယ်။

သီတင်းပတ် ၈ ပတ်ကြာ ကာလအတွင်း အကြမ်းဖက်မှုတွေ နှစ်ဘက်စလုံးမှာ ဆက်လက် ဖြစ်ပေါ် နေခဲ့ရာမှာ သေဆုံးသူ စုစုပေါင်း ၉၅၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ခွဲထွက်ရေး သူပုန်တွေ ထိန်းချုပ်ထားရာ နေရာတွေမှာ လူအခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အစီရင်ခံစာထဲမှာ စွပ်စွဲ ဖော်ပြထားသလို အစိုးရ တပ်ဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့လည်း အဲဒီ အစီရင်ခံစာ ထဲမှာ ဝေဖန်ထားပါတယ်။

ညှဉ်းပမ်း နှိပ်စက်မှု၊ ရုံးတင် စစ်ဆေးမှု မရှိဘဲ ထိန်းသိမ်း ထားမှုတွေ၊ အကျဉ်းရုံး ကွပ်မျက်မှုတွေ၊ အဓမ္မ အလုပ်ခိုင်းစေမှု တွေနဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် လက်နက်ကိုင် အဖွဲ့တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို အထောက်အထား အချက်အလက် တွေနဲ့ ဖော်ပြ ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ယူကရိန်း အရှေ့ပိုင်းမှာ အစိုးရ ရုံးတွေကို သိမ်းပိုက် ခဲ့တဲ့ ရုရှား လိုလားတဲ့ သူပုန်တွေကို နှိမ်နင်းဖို့ အတွက် အစိုးရ တပ်တွေကို စေလွှတ်ခဲ့ရာက စပြီး တိုက်ပွဲတွေ စတင် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ