ပျောက်ဆုံး ကျောင်းသားတွေ အတွက် နိုင်ငံလုံးအနှံ့ ဆန္ဒပြ

  • 21 နိုဝင်ဘာ 2014
mexico_protest ဓာတ်ပုံ မူပိုင် AP
Image caption ပျောက်ဆုံးနေတဲ့ ဆရာအတတ်သင် ကျောင်းသားတွေ ဘယ်လို ကြမ္မာမျိုး ကြုံခဲ့ရသလဲ ဆိုတာ မိဘ ဆွေမျိုးတွေက သိလို နေကြပါတယ်။

မက္ကဆီကို နိုင်ငံမှာ ကျောင်းသား ၄၃ ယောက် ဖမ်းဆီး ခေါ်ဆောင် သွားခြင်း ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြို့တော် မက္ကဆီကိုစီးတီး အပါအဝင် နိုင်ငံလုံး အနှံ့ ဆန္ဒပြပွဲတွေ အကြီးအကျယ် ပြုလုပ် နေကြပါတယ်။

အစိုးရ ယန္တယားအတွင်း ခြစားမှုတွေ နဲ့ မူးယစ်ဂိုဏ်းတွေ အကြမ်းဖက် ထကြွ နေမှုတွေ အပေါ် မှာလည်း လူတွေ မကျေမနပ် ဖြစ်နေကြတယ် လို့ ဆိုပါတယ်။

မက္ကဆီကိုစီးတီးရဲ့ နိုင်ငံတကာ လေဆိပ်အနီးက၊ လမ်းဆုံ တစ်ခုကို ပိတ်ဆို့ဖို့ ကြိုးစား ခဲ့တဲ့ ဆန္ဒပြ အုပ်စုကို ရဲက လူစု ခွဲခဲ့ရ ပါသေးတယ်။

ဆန္ဒပြသူတွေ တချို့ကလည်း လက်လုပ် ဓာတ်ဆီပုလင်း ဗုံးတွေနဲ့ ပစ်ပေါက် ခဲ့တာမျိုးတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ လတုန်းက၊ တောင်ဘက်ပိုင်း ဂယ်ရဲရိုး ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဆရာ အတတ်သင် ကျောင်းသားတွေကို မူးယစ် ဂိုဏ်းတွေ နဲ့ ဆက်စပ် နေတဲ့ ရဲတွေက ဖမ်းဆီး ခဲ့တဲ့နောက်၊ အဲဒီ့ ကျောင်းသားတွေ ဘယ်လို ကြမ္မာမျိုး နဲ့ ကြုံခဲ့ရသလဲ ဆိုတာ ကို မိဘ ဆွေမျိုးတွေ က သိလို နေကြပါတယ်။

ကျောင်းသားတွေ အသတ် ခံလိုက်ရပြီ ဆိုတာ ဖော်ပြနေတဲ့ အထောက်အထားတွေ ခိုင်ခိုင် လုံလုံ ရှိတယ် လို့ မက်ဆီကို နိုင်ငံရဲ့ ရှေ့နေချူပ် က ပြောထားပါတယ်။

တခါ မက္ကဆီကိုနိုင်ငံ မှာပဲ၊ သမ္မတဖြစ်သူ အဲန်ရီကာ ပဲန်ညာ ညေးတိုးက သူ့ရဲ့ ဘဏ္ဍာရေး ဆိုင်ရာနဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေကို ဖွင့်ထုတ် ချပြခဲ့ပါတယ်။

သမ္မတ ကတော်ဟာ ဒေါ်လာ ၄ သန်းမက တန်ဖိုးရှိတဲ့ ဇိမ်ခံ စံအိမ်တစ်လုံး ပိုင်ဆိုင်နေတယ် ဆိုတာ ပေါ်ထွက် လာခဲ့အပြီး၊ သမ္မတက အခုလို လုပ်ဆောင် လာတာ ဖြစ်ပါတယ်။

သူပိုင် ပစ္စည်းတွေရဲ့ တန်ဖိုး စုစုပေါင်းဟာ ဒေါ်လာ ၃ သန်းခွဲ ဝန်းကျင် လောက် ရှိမယ် ဆိုပြီး သမ္မတ ညေးတိုးက ဆိုသလို၊ ဒါတွေဟာ သမ္မတ ကတော် ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ မဆိုင်တဲ့ သီးသန့် ပိုင်ဆိုင်မှု တွေလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ