နိုင်ငံခြားရေး ဝန်ကြီးကို လုပ်ကြံဖို့ အစီအစဉ် အစ္စရေး ဖော်ထုတ်ခဲ့

  • 21 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Mr Lieberman ရဲ့ ယာဉ်တန်းကို ဟားမတ်စ် ၃ ယောက်က နောက်ယောင် ခံနေခဲ့ဟု ဆို

အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Avigdor Lieberman ကို အခု နှစ်ဆန်းပိုင်းက လုပ်ကြံဖို့ ကြိုးပမ်းတဲ့ ပါလက်စတိုင်းတွေ ရဲ့ အကြံအစည်ကို ဖော်ထုတ် တားဆီး လိုက်နိုင်ခဲ့တယ်လို့ အစ္စရေး ပြည်တွင်း ထောက်လှမ်းရေး အဖွဲ့ Shin Bet က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီလုပ်ကြံမှုကို ပါလက်စတိုင်း စစ်သွေးကြွ အဖွဲ့ ဟားမားစ်က စီစဉ်ခဲ့တာ ဖြစ်ပြီး မစ္စတာ လစ်ဘာမင် နေထိုင်တဲ့ အနောက်ဘက်ကမ်းက ဂျူးအခြေချ နေထိုင်ရာ အရပ်ကနေ ရုံးကို အလာမှာ သူစီးလာတဲ့ ယာဉ်တန်းကို ပုခုံးထမ်း ရောကက် လောင်ချာ နဲ့ ပစ်ဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို လုပ်ကြံဖို့ အစီအစဉ်မှာ ပါဝင်သူတွေ ဖြစ်တဲ့ ဟားမားစ် အဖွဲ့ဝင် ၃ ဦး က သူတို့ အနေနဲ့ မစ္စတာ လစ်ဘာမင် ကို လုပ်ကြံ နိုင်ခဲ့ရင် ပြီးခဲ့တဲ့ ဇူလိုင်လက စတင် ခဲ့တဲ့ ဂါဇာ စစ်ပွဲကို ရပ်တံ့ သွားစေမယ်လို့ ယူဆခဲ့ကြောင်း ဝန်ခံ ပြောဆိုခဲ့တယ်လို့ Shin Bet က ပြောပါတယ်။

ဒီ အစီအစဉ်မှာ ပါဝင်တဲ့ ၄ ယောက်မြောက် တစ်ဦးကိုတော့ လက်နက် ထောက်ပံ့ပေးမှုနဲ့ ဖမ်းဆီး ထားတယ်လို့ ဆိုပါတယ်။

ဟားမားစ် ဘက်ကတော့ ဒီစွဲဆိုချက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ တုံ့ပြန်ခြင်း မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ