ချီလီစစ်အစိုးရလက်ထက်ကညှဉ်းပမ်းမှုတရားစီရင်

  • 22 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ မီရှဲလ် ဘာရှလေ ရဲ့မိသားစုက ဥပဒေ အရ အရေးယူ နိုင်ဖို့ ကြိုးစား ခဲ့

လေတပ် ဗိုလ်မှူးကြီးဟောင်း အက်ဒဂါ ဆီဗာယော့စ် နဲ့ ရေမွန် ကက်ဆရက်စ် တို့ဟာ အယ်လ်ဘာတို ဘာရှလေ ကို ညှဉ်းပမ်း နှိပ်စက်မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ ပါတယ်။

၁၉၇၃ ခုနှစ်က ဗိုလ်ချုပ်ကြီး အော်ဂတ်စတို ပီနိုရှေး အာဏာသိမ်း ခဲ့ပြီး တဲ့နောက်မှာ သူ့ကို အဲဒီလိုဖမ်းဆီး နှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။

လေတပ်ဗိုလ်ချုပ်ကြီး ဘာရှလေ ဟာ ၁၉၇၄ ခုနှစ် မတ်လတုန်းက ရက်သတ္တပတ်နဲ့ ချီပြီး နှိပ်စက်ခံရတဲ့ အတွက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

နှိပ်စက်ခံရမှု အရှိန်နဲ့ နှလုံးရောဂါကြောင့် သေဆုံးချိန်မှာ သူဟာ အသက် ၅၀ အရွယ်ပါ။

ဖြုတ်ချ ခံခဲ့ရတဲ့ လက်ဝဲ အစိုးရ ခေါင်းဆောင် ဆယ်ဗဒို အာယန်ဒေး အပေါ်သစ္စာ စောင့်သိ တဲ့ အတွက် သူ့ကို အဲဒီလို နှိပ်စက်ခဲ့ တာပါ။

ဗိုလ်ချုပ်ကြီး ဘာရှလေ သေဆုံး ခဲ့ပုံ နဲ့ ပတ်သက်တဲ့ မှုခင်း ဆေးစစ်ချက် အစီရင်ခံစာ ထွက်လာပြီး တဲ့နောက် ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ လေတပ် ဗိုလ်မှူးကြီးဟောင်း နှစ်ဦးကို တရားစွဲ ခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ဘာရှလေကို စစ်တပ် ဗိုလ်သင်တန်းကျောင်း တခုမှာ ခြောက်လကြာ ဖမ်းဆီး ထားခဲ့ ပြီး သူ့လက်အောက်မှာ လုပ်ခဲ့တဲ့ အရာရှိတွေ ကဘဲ ပြန်ပြီး နှိပ်စက် ခဲ့တာပါ။

သူ့ဇနီး နဲ့သမီး မီရှဲ ဘာရှလေ တို့ ကိုလည်း ဖမ်းဆီး နှိပ်စက်တာ ခံခဲ့ရပြီး နောက်ပိုင်း မှာတော့ သူတို့ဟာ သြစတြေလျနဲ့ အရှေ့ဂျာမနီ နိုင်ငံတွေဆီ ထွက်ပြေး သွားခဲ့ပါတယ်။

မီရှဲလ် ဘာရှလေဟာ ၂၀၀၆ ခုနှစ်မှာ တော့ ချီလီနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာပါတယ်။

ချီလီ နိုင်ငံရဲ့ ဖွဲ့စည်းပုံ ဥပဒေအရ၊ သမ္မတ သက်တမ်းကို ဆက်တိုက် ဆောင်ရွက်ခွင့် မရှိတဲ့အတွက် ၂၀၁၀ မှာ သူရာထူးက ဆင်းပေး ခဲ့ရပါတယ်။

အဲဒီနောက် သူဟာ ကုလသမဂ္ဂ အမျိုးသမီးရေးရာ အေဂျင်စီ ခေါင်းဆောင်အဖြစ် အရွေးခံ ခဲ့ရပါတယ်။

နောက်ပိုင်း ချီလီနိုင်ငံရေးထဲ တကျော့ပြန် ရောက်လာတဲ့ မစ္စဘာရှလီဟာ ပြီးခဲ့ တဲ့ နှစ်မှာတော့ ဒုတိယအကြိမ် လေးနှစ် သက်တမ်း အတွက် သမ္မတ ပြန်အရွေးခံ ခဲ့ရပါတယ်။

သူတို့မိသားစု အနေနဲ့ သူ့ဖခင် ခံစားခဲ့ရတာ တွေနဲ့ ပတ်သက်ပြီး ဥပဒေ ကြောင်း အရအရေးယူ နိုင်ဖို့ ကာလ ရှည်ကြာကြိုးစား လာခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီသတင်းထောက် Gideon Long ကပြောပါတယ်။