အီရန် နျူဆွေးနွေးပွဲ နောက်ဆုံးရက် ဇွန်လအထိ တိုးမြှင့်

  • 24 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ဗီယင်နာ ဆွေးနွေးပွဲမှာ မူလ သတ်မှတ်ရက် ပြီးဆုံးခဲ့

အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အင်အားကြီး နိုင်ငံ ၆ နိုင်ငံနဲ့ အီရန် တို့ အကြား ဗီယင်နာ မြို့မှာ ဆွေးနွေး ညှိနှိုင်းနေမှုမှာ သဘော တူညီချက် မရခဲ့တာကြောင့် ဆွေးနွေးမှု နောက်ဆုံးရက်ကို လာမယ့်နှစ် ဇွန်လကုန် အထိ ထပ်တိုး သတ်မှတ် လိုက်တယ်လို့ သံတမန်တွေက ပြောပါတယ်။

ဆွေးနွေးမှု တွေမှာ တိုးတက်မှုတွေ ရှိပေမယ့် မူလ သတ်မှတ်ထားတဲ့ ရက်အတွင်းမှာ သဘောတူညီချက် ရဖို့ မဖြစ်နိုင်ခဲ့ကြောင်း ယူကေ နိုင်ငံခြားရေး ဝန်ကြီး Philip Hammond က ပြောပါတယ်။

အီရန် အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ရုပ်သိမ်း ပေးရေး အတွက် အပြန်အလှန် အားဖြင့် အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို ကန့်သတ် ထိန်းချုပ်ဖို့ ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံက အလိုရှိနေတာ ဖြစ်ပါတယ်။

အီရန် အနေနဲ့ အနုမြူ လက်နက်တွေ ပိုင်ဆိုင် လိုတာ မဟုတ်ဘဲ အနုမြူ စွမ်းအင်ကိုသာ အသုံးချ လိုတာ ဖြစ်တယ်လို့ အီရန် အစိုးရက ပြောထားပါတယ်။

အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်၊ ယူကေ၊ ရုရှား၊ တရုတ်၊ ပြင်သစ်နဲ့ ဂျာမနီ တို့ဟာ အီရန် နိုင်ငံနဲ့ ဆွေးနွေး ညှိနှိုင်း နေခဲ့ရာမှာ မနှစ်တုန်းက ဂျီနီဗာမှာ ပဏာမ သဘော တူညီချက် ရခဲ့ကြပါတယ်။

အခု ဆွေးနွေးမှုတွေကို ဒီဇင်ဘာ လထဲမှာ ပြန်လည် စတင်နိုင်ဖွယ် ရှိပြီး နောက်ဆုံး ရက်ကို ၂၀၁၅ ဇွန်လ အထိ တိုးမြှင့် သတ်မှတ် လိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ