ဆစ်ဒနီမှာ ရေမြောင်းထဲ ကလေး စွန့်ပစ်တဲ့ မိခင်ကို ဖမ်းဆီး

  • 24 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ၈ ပေနက်ထဲ မြောက်ထဲမှာ ၅ ရက်ခန့် အသက်ရှင်ခဲ့ဟု ဆို

သြစတြေးလျ နိုင်ငံမှာ မွေးကင်းစ ကလေးငယ် တစ်ဦးကို ဆစ်ဒနီမြို့ အနောက်ပိုင်းက ရေမြောင်းထဲမှာ စွန့်ပစ်ခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပြီး လူသတ်ရန် ကြံစည်မှုနဲ့ စွဲဆို လိုက်ပါတယ်။

အဲဒီ စွန့်ပစ် ခံရတဲ့ ကလေးငယ်ကို အသက် မသေဘဲ ပြန်တွေ့ခဲ့ပြီး ရေမြောင်းထဲမှာ ၅ ရက်လောက် နေခဲ့ရဖွယ် ရှိတယ်လို့ ဆိုပါတယ်။

၈ ပေနက်တဲ့ မြောင်းပေါက် ထဲကနေ သူ့ရဲ့ ငိုသံကို ကြားပြီး ဖြတ်သွား ဖြတ်လာ စက်ဘီး သမားတွေက တနင်္ဂနွေနေ့ မနက်ပိုင်းက တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။

အာဟာရ ပြတ်လပ်ပြီး ရေဓာတ် ခြောက်ခန်းနေတဲ့ ကလေးငယ်ကို မြောင်းထဲကနေ အပြင်ကို ထုတ်ယူဖို့ လူ အမြောက်အမြားက ကွန်ကရစ် တုံးတွေကို အားနဲ့ ရွှေ့ခဲ့ကြရပါတယ်။

အခုတော့ သူ့ကို ဆစ်ဒနီမြို့ အနောက်ပိုင်းက ကလေးဆေးရုံမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

ဒီအဖြစ်အပျက်ဟာ အလွန် စိတ်ပျက်ဖွယ် ကောင်းတဲ့ စွန့်ပစ်မှု သတင်း ဖြစ်သလို မယုံနိုင်စရာ ကောင်းတဲ့ အသက်ရှင် ကျန်ရစ်မှု သတင်းလည်း ဖြစ်ကြောင်း ဆစ်ဒနီမြို့က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ