ဖာဂူဆန်မြို့ အဓိကရုဏ်း အဆိုးဆုံး ပြန်စ

  • 25 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အခုတစ်ကြိမ်က အဆိုးဆုံး အဓိကရုဏ်းလို့ ရဲတပ်ဖွဲ့က ပြော

အမေရိကန် နိုင်ငံ မစ်ဆူရီ ပြည်နယ် ဖာဂူဆန် မြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လက လူမည်း ဆယ်ကျော်သက် တစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ် ခဲ့မှုနဲ့ ပတ်သက်ပြီး တရားစွဲ အရေးယူတာတွေ မလုပ်ဖို့ ဂျူရီ တရားသူကြီးက ဆုံးဖြတ်ခဲ့ အပြီးမှာ မကျေမနပ် ဆူပူ အုံကြွ လုယက်မှုတွေ ဖြစ်ခဲ့ပါတယ်။

ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက် တာမျိုး မတွေ့ရကြောင်း၊ ဒီကိစ္စ စဖြစ်ခဲ့တဲ့ သြဂုတ်လ ကတည်းက ဖာဂူဆန် မြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေထဲမှာ မနေ့ညက ဖြစ်ခဲ့တဲ့ ဆူပူ အုံကြွမှုတွေဟာ အဆိုးဝါးဆုံး ဖြစ်ကြောင်း စိန့်လူဝစ်စ် ခရိုင် ရဲချုပ် Jon Belmar က ပြောသွားပါတယ်။

ဆူပူ အုံကြွသူတွေဟာ အကြိမ် ၁၅၀ လောက် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်လို့ သူက ပြောပါတယ်။

မော်တော်ယာဉ်တွေနဲ့ စျေးဆိုင် အဆောက်အအုံတွေလည်း မီးရှို့ ဖျက်ဆီး ခံခဲ့ရပါတယ်။

ဆန္ဒပြ လူအုပ်ကြီးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ သုံးပြီး လူစုခွဲခဲ့ပြီး လူ ၆၀ ကျော်လောက်ကို ဖမ်းဆီး ထားပါတယ်။

အသတ်ခံရသူ လူမည်း လူငယ် Michael Brown ရဲ့ ကျန်ရစ်သူ မိသားစု ကလည်း အဲဒီ ရဲအရာရှိကို တရားစွဲဆို အပြစ်ပေးတာမျိုး မလုပ်ဖို့ တရာရုံးက ဆုံးဖြတ်ခဲ့တာအပေါ် အကြီးအကျယ် စိတ်ပျက်သွားခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီ ရဲအရာရှိ Darren Wilson ဟာ ကိုယ့်ကိုကိုယ် ခုခံ ကာကွယ်တဲ့ အနေနဲ့ ပစ်ခဲ့တာ ဆိုပြီး တရားစွဲဆို အရေးယူမှု မလုပ်ဖို့ ဂျူရီ တရားသူကြီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားကတော့ အမေရိကန် ပြည်သူ တချို့ ဒေါသအမျက်ထွက်ခဲ့ကြတာကို သူ့အနေနဲ့နားလည်ပါကြောင်း ဒါပေမယ့်လည်း ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ ဆန္ဒပြသူတွေကို တိုက်တွန်းလိုက်ပါတယ်။

လော့စ်အိန်ဂျလိစ်၊ ဖီလာဒဲဖီးယား နဲ့ နယူးယောက် မြို့တွေမှာလည်း လူတွေ ထောင်နဲ့ချီ ချီတက် ဆန္ဒပြ ခဲ့ကြသလို နိုင်ငံတဝှမ်းက တခြား မြို့တွေမှာလည်း ကန့်ကွက် ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ