ဟောင်ကောင် သပိတ်စခန်း ရှင်းလင်း၊ လူ ၁၀၀ ကျော် ဖမ်းဆီး

  • 26 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဖယ်ရှားဖို့ ငြင်းဆန်သူတွေကို ဖမ်းဆီး

ဟောင်ကောင် မြို့လယ်က Mong Kok ရပ်ကွက်မှာ ၂ လကြာ ပိတ်ဆို့ ဆန္ဒပြနေတဲ့ သပိတ် စခန်းကို ရဲတွေက ရှင်းလင်း ဖယ်ရှားခဲ့ပြီး ဆန္ဒပြ သူတွေကို ဖမ်းဆီး ခဲ့ရာမှာ အဓိက ကျောင်းသား ခေါင်းဆောင် ၂ ဦး ဖြစ်တဲ့ Joshua Wong နဲ့ Lester Shum တို့လည်း ဖမ်းဆီး ခံခဲ့ရပါတယ်။

အဓိက သပိတ်စခန်း တွေထဲမှာ အကြီးဆုံး ဖြစ်တဲ့ မော်န်ကော့က် ရက်ကွက်က သပိတ်စခန်းကို အာဏာပိုင်တွေက အင်္ဂါနေ့ကတည်းက စတင် ရှင်းလင်း ခဲ့တာ ဖြစ်ပြီး အခုတော့ အဓိက လမ်းမကြီး ဖြစ်တဲ့ Nathan Road အနီးတဝိုက်ကို ပြန်ဖွင့် လိုက်ပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီမိုကရေစီရေး လှုပ်ရှားသူ အချို့ကတော့ တခြား နေရာမှာ လူပြန်စုပြီး ဆန္ဒပြမှုတွေကို ဆက် လုပ်သွားမယ်လို့ ပြောပါတယ်။

မနေ့က စပြီး အခုချိန်ထိ ဖမ်းဆီး ခံရသူ လူ ၁၅၀ နီးပါးလောက် ရှိသွားပြီလို့ ဟောင်ကောင်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

တရားရုံးရဲ့ အမိန့်အတိုင်း သပိတ်စခန်းကို ရဲတွေက ဖယ်ရှားဖို့ ကြိုးစားစဉ်မှာ နှစ်ဘက် လုံးထွေး သတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

သီးခြား ဖြစ်ရပ် အနေနဲ့ ပြီးခဲ့တဲ့ လတုန်းက ဆန္ဒပြသူတွေကို ရိုက်နှက်ခဲ့တယ် ဆိုတဲ့ ရဲ အရာရှိ ၇ ဦးကို ဖမ်းဆီးလိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ဟောင်ကောင် ရဲတပ်ဖွဲ့ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ