အီဘိုလာ ကာကွယ်ဆေးကို ကုမ္ပဏီကြီး ၃ ခုက ထုတ်လုပ်မယ်

  • 27 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အီဘိုလာ ကာကွယ်ဆေး ပထမ အဆင့် စမ်းသပ်မှု အောင်မြင်ခဲ့

ပင်မ ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီကြီး ၃ ခု ဖြစ်တဲ့ GlaxoSmithKline၊ Johnson & Johnson နဲ့ Merck ကုမ္ပဏီတို့က နောက်နှစ်မှာ အီဘိုလာ ကာကွယ်ဆေး ထုတ်လုပ်ဖို့ ကတိပြု ထားတယ်လို့ ကျန်းမာရေး သုတေသန လုပ်ငန်းဆိုင်ရာ ရန်ပုံငွေ ထောက်ပံ့ရေး ပရဟိတ အဖွဲ့အစည်း တစ်ခုရဲ့ အကြီးအကဲက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

GlaxoSmithKline ရဲ့ ကာကွယ်ဆေးကို ပထမအဆင့် စမ်းသပ်မှု အနေနဲ့ လူအယောက် ၂၀ ကို စမ်းသပ်ခဲ့ရာမှာ စမ်းသပ်မှု အောင်မြင်ပြီး ကာကွယ်ဆေး ထိုးထားသူတွေ ဆီမှာ ရောဂါကို ခုခံနိုင်တဲ့ ပဋိ ပစ္စည်းတွေ ထွက်ပေါ် လာတာ တွေ့ရပါတယ်။

ဒါပေမယ့် စမ်းသပ်မှုဟာ မပြည့်စုံသေးဘဲ ဒုတိယ အဆင့် ဆက်လက် စမ်းသပ်မှု ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် လူပေါင်း သောင်းဂဏန်းကို ဒုတိယ အဆင့် စမ်းသပ်မှု အနေနဲ့ ကာကွယ်ဆေး ထိုးပေးဖို့ မျှော်မှန်းထားတယ်လို့ Wellcome Trust ရဲ့ ဒါရိုက်တာ Jeremy Farrar က ဆိုပါတယ်။

တစ်ခါ ဂီနီ နိုင်ငံ တောင်ပိုင်းမှာ အီဘိုလာ တိုက်ဖျက်ရေး လုပ်နေကြတဲ့ ကူညီ စောင့်ရှောက်ရေး ဆောင်ရွက်သူတွေက အီဘိုလာ ရောဂါ စတင် ဖြစ်ပွားရာ ဒေသတွေမှာ ရောဂါ ကူးစက်မှုတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပြီး သူတို့မှာ လုံလောက်တဲ့ အထောက်အပံ့ ပစ္စည်းတွေ မရှိသေးဘူးလို့ ပြောပါတယ်။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် WHO ကတော့ ဂီနီ နိုင်ငံမှာ ရောဂါ ကူးစက်နှုန်းဟာ အလွန် မြန်ဆန်တာမျိုး မဟုတ်ဘဲ ပုံမှန် ဖြစ်နေပေမယ့် အိမ်နီးချင်း ဆီယာရာ လီယွန်း နိုင်ငံမှာတော့ အသစ် ကူးစက်မှု အရေအတွက်ဟာ သိသိသာသာ များပြား နေတုန်းပဲလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ