ဟားမတ်စ်ရဲ့ အကြမ်းဖက် ကွန်ရက်ကို အစ္စရေး ဖော်ထုတ်

  • 27 နိုဝင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဟားမတ်စ် ကွန်ရက်ရဲ့ ပစ်မှတ်တွေထဲမှာ Teddy ဘောလုံးကွင်း ပါဝင်တယ်လို့ ဆို

ဂေျရုဆလင် မြို့မှာ ရှိတဲ့ ပစ်မှတ် အတော်များများကို တိုက်ခိုက်ဖို့ ကြံရွယ်ထားတဲ့ ဟားမတ်စ် အဖွဲ့ ကွန်ရက် တစ်ခုကို အနောက်ဘက်ကမ်း ဒေသမှာ ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ အစ္စရေး လုံခြုံရေး အဖွဲ့က ပြောပါတယ်။

အစ္စရေး ပြည်တွင်း ထောက်လှမ်းရေး အဖွဲ့ Shin Bet က ပြောရာမှာ ဂျော်ဒန်နဲ့ တူရကီ တို့မှာ လေ့ကျင့် သင်တန်း ပေးထားတဲ့ ဟားမတ်စ် စစ်သွေးကြွ အယောက် ၃၀ ကျော်ကို လက်နက်တွေ၊ ဖောက်ခွဲ ပစ္စည်းတွေနဲ့ အတူ ဖမ်းမိ ခဲ့တာလို့ ဆိုပါတယ်။

အဲဒီ စစ်သွေးကြွ ကွန်ရက်က တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ ပစ်မှတ်တွေထဲမှာ ဂျေရုဆလင် မြို့က ဘောလုံးကွင်း တစ်ခုနဲ့ မြို့ပတ် ရထားလမ်းတွေ ပါဝင်ပြီး အစ္စရေး တွေကိုလည်း ပြန်ပေးဆွဲဖို့ ရည်ရွယ် ထားတယ်လို့ Shin Bet က ပြောပါတယ်။

ဟားမတ်စ် အဖွဲ့ဟာ ဂါဇာ ဒေသကို ထိန်းချုပ် ထားဆဲ ဖြစ်ပြီး အနောက်ဘက်ကမ်း ဒေသကတော့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘားစ်ရဲ့ ဖာတာ ပါတီ ထိန်းချုပ်မှု အောက်မှာ ရှိပါတယ်။

အစ္စရေး နိုင်ငံ အတွင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက် တိုက်ခိုက်မှုတွေ ခံခဲ့ရပြီး အစ္စရေးနဲ့ ပါလက်စတိုင်း အကြား တင်းမာမှုတွေ မြင့်တက် နေချိန်မှာပဲ အခုလို ဖမ်းဆီးမှုတွေ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။