အယ်လ်ရှာဘတ်ကို စစ်ဆင်ဖို့ ကင်ညာ သမ္မတ ကတိပြု

  • 2 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မွတ်ဆလင် မဟုတ်သူ ၃၆ ဦး အသတ်ခံရ

ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဆိုမာလီယန်း အယ်လ် ရှာဘတ် အစ္စလာမစ် လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ ကျောက်တူး လုပ်သား ၃၆ ဦး အစုအပြုံလိုက် သတ်ဖြတ် ခံခဲ့ရပြီးနောက် အယ်လ်ရှာဘတ် အဖွဲ့အပေါ် လက်မတွန့်တဲ့ စစ်ဆင်ရေးကို ဆင်နွှဲသွားမှာ ဖြစ်တယ်လို့ ကင်ညာ သမ္မတ Uhuru Kenyatta က ပြောလိုက်ပါတယ်။

ဒီလို ကျောက်တူး လုပ်သားတွေကို သတ်ဖြတ် ခဲ့တာဟာ ကင်ညာ နိုင်ငံနဲ့ ကင်ညာ နိုင်ငံသားတွေ အပေါ် အယ်လ်ရှာဘတ် အဖွဲ့က စစ်ဆင်လိုက်တာ ဖြစ်ကြောင်း၊ ဒါကြောင့် အကြမ်းဖက် ဝါဒီတွေကို ဆန့်ကျင် တိုက်ဖျက်ဖို့ ကင်ညာ ပြည်သူတွေ အားလုံး ပါဝင်ကြဖို့ လိုကြောင်း သမ္မတ အူဟူရူ ကန်ညက်တာ က ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

အခု တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကင်ညာ ရဲချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီး တို့ကိုလည်း အသစ် ပြောင်းလဲ ခန့်အပ် လိုက်တယ်လို့ ဆိုပါတယ်။

ဆိုမားလီးယန်း အယ်လ် ရှာဘာတ် အစ္စလာမစ် လက်နက်ကိုင် တွေဟာ မနေ့ညက ကျောက်တူး လုပ်သားတွေ အိပ်နေတဲ့ ရွက်ဖျင်တဲတွေဆီ ရောက်လာပြီး တွေ့ရာ မရှောင် သေနတ်နဲ့ ပစ်ခတ် ခဲ့ကြတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီနောက် ကျောက်တူး လုပ်သား တွေထဲက မွတ်ဆလင် မဟုတ်သူတွေကို ခွဲထုတ်ပြီး တချို့ကို ခေါင်းဖြတ် သတ်၊ တချို့ကို တန်းစီပြီး သေနတ်နဲ့ ပစ်သတ် ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြန်ပြောပြပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကလည်း အယ်လ် ရှာဘတ် လက်နက်ကိုင်တွေက အဲဒီ ဒေသ အနီးမှာပဲ ဘတ်စ်ကား တစ်စင်းကို အလစ်ဝင် တိုက်ခိုက်ခဲ့ပြီး မွတ်ဆလင် မဟုတ်သူ ၂၈ ဦးကို သတ်ဖြတ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ