ရုရှား စီးပွားရေး ၂၀၁၅ မှာ ကျဆင်းနိုင်ဟု ဆို

  • 2 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption စီးပွားရေး ကျဆင်းမယ်လို့ ရုရှား အစိုးရ အတိအလင်း ဝန်ခံ ပြော

ရုရှား နိုင်ငံမှာ အနောက် နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကြောင့်ရော၊ ရေနံ စျေးနှုန်းတွေ ကျဆင်းမှု ကြောင့်ပါ လာမယ့် ၂၀၁၅ ကျရင် စီးပွားရေး ဆုတ်ယုတ် ကျဆင်းမှုနဲ့ ကြုံတွေ့ ရနိုင်တဲ့ အလားအလာ ရှိနေတယ်လို့ ရုရှား အစိုးရက ပြောဆို လိုက်ပါတယ်။

ရုရှား စီးပွားရေးဟာ လာမယ့် နှစ်မှာ ၀ ဒသမ ၈ ရာခိုင်နှုန်း အထိ လျော့ကျ သွားနိုင်တယ်လို့ ယူဆရကြောင်း ရုရှား စီးပွားရေး ဝန်ကြီး Alexei Vedev က မော်စကိုမြို့မှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

အစောပိုင်း ကတော့ ရုရှားရဲ့ စီးပွားရေးဟာ ၂၀၁၅ မှာ ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးမယ်လို့ ထုတ်ပြန် ခဲ့ဖူးပေမယ့် အခုတော့ စီးပွားရေး ကျဆင်းမယ်လို့ ရုရှား အစိုးရက အတိအလင်း ဝန်ခံ ပြောဆို လိုက်တာ ဖြစ်ပါတယ်။

တခါ လာမယ့် နှစ်မှာ ရေနံ စျေးနှုန်းဟာ အရင် ခန့်မှန်းထားတာထက် ၂၀ ရာခိုင်နှုန်း လျော့ပြီး တစ်စည်ကို ပျှမ်းမျှ ဒေါ်လာ ၈၀ စျေးလောက်ပဲ ရှိလိမ့်မယ်လို့လည်း ရုရှား စီးပွားရေး ဝန်ကြီးဌာနက ခန့်မှန်း ထားကြောင်း မစ္စတာ ဗီဒက်ဗ် က ပြောပါတယ်။

ရုရှားသုံး ရူဘယ်ငွေ စျေးနှုန်းဟာလည်း ၁၉၉၈ နောက်ပိုင်း အနိမ့်ဆုံး စျေးကို တနင်္လာနေ့က ရောက်ရှိ ခဲ့ပါတယ်။

နိုင်ငံတကာရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကြောင့် ရုရှား စီးပွားရေး စနစ်အပေါ် ယုံကြည် စိတ်ချမှုတွေ နည်းပါးသွားခဲ့ သလို ရုရှား နိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှု တွေကိုလည်း ထိခိုက် ခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ