ကမ္ဘာကြီးပူနွေးလာမှုကို ကုလသမဂ္ဂ စိုးရိမ်

  • 3 ဒီဇင်ဘာ 2014
climate_change_sea_waves ဓာတ်ပုံ မူပိုင် AFP
Image caption ကမ်းရိုးတန်းဒေသ ရေလွှမ်းခံရ

၂၀၁၄ ခုနှစ် အတွက် ကုလသမဂ္ဂ မှ ထုတ်ပြန်တဲ့ ကမ္ဘာ့ရာသီဥတု ဆိုင်ရာ သတင်း ထုတ်ပြန်ချက် မှာ ကမ္ဘာကြီးဟာ ၁၆ နှစ် အတွင်း အပူချိန် မြင့်မား လာခြင်း ဟာ စိုးရိမ်စရာ ကောင်းတဲ့ အကြောင်း ဖေါ်ပြ ထားတာ ကို ဘီဘီစီ သိပ္ပံ ရေးရာ သတင်းထောက် ဒေးဗစ် ရှခ်မဲန်း က ပေးပို့လိုက်ပါတယ်။

ကမ္ဘာ မြေကြီး ရဲ့ အပူငွေ့တွေ ကို ပင်လယ် က စုပ်ယူလိုက်တဲ့ အခါမှာ ပင်လယ်ပြင် ပါ ပူနွေးလာပါတယ်။ ဒါကြောင့်မို့ ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက် မှာ ပေါ်ပေါက်တဲ့ အယ်လ်နီးညိုး ကြောင့် ရေကြီးတာတွေ၊ ရေလွမ်းမိုးမှု ဒဏ်တွေ ခံရတာပါ ။

ဂျပန်နိုင်ငံ အနောက်ဘက်ပိုင်း ဒေသတွေ မှာ ပြီးခဲ့တဲ့ သြဂုတ်လ က ဆိုရင် မကြုံစဖူး စံချိန်တင်လောက်တဲ့ မိုးသည်းထန်မှု ဒဏ် ခံလိုက်ရပါတယ်။ အခုလို ရာသီဥတု ဖေါက်ပြန်မှု ကြောင့် တရုတ်နိုင်ငံ တချို့ ဒေသတွေ မှာ မိုးခေါင် ရေရှားမှု နဲ့ ကြုံရပြန်ပါတယ်။

ဒါကြောင့် မို့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲရေး ဆိုင်ရာ ဌာန အကြီးအကဲ ခရစ်တီယန်နာ ဖီဂဲရေ့စ် ကလည်း ပင်လယ် သမုဒ္ဒရာရေပြင် အပူချိန် မြင့်တက် လာနေမှု ဟာ စိုးရိမ်စရာ ဖြစ်နေပြီ လို့ ပြောပါတယ်။ အခုလို မဖြစ်ရအောင် နိုင်ငံ အသီးသီး က အစိုးရ တွေ အနေနဲ့ သန့်စင်တဲ့ လောင်စာဆီ၊ လောင်စာ ဓါတ်ငွေ့ တွေ ရှာဖွေသုံးစွဲဖို့ အကြံပြုလိုက်ပါတယ်။

ကုလသမဂ္ဂ မှာ ရံပုံငွေ တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီ ငွေကြေး ကို ထုတ်ပေးရင်လည်း ဘယ် လို အသုံးချမယ် ဆိုတာ လည်း သိဖို့ လိုပါတယ်။ အခုဆိုရင် သန့်စင်တဲ့ ဓါတ်ငွေ့ လောင်စာ တွေ ထုတ်ယူနိုင်ရေးအတွက် ခေတ်မီ သိပ္ပံ နည်းပညာရပ် တွေလည်း ပေါ်ပေါက် နေပြီမို့ မှန်မှန် ကန်ကန် လုပ်ဆောင်ဖို့ လည်း အရေးကြီးပါတယ် လို့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲရေး ဆိုင်ရာ ဌာန အကြီးအကဲ ခရစ်တီယန်နာ ဖီဂဲရေ့စ် က ပြောသွားပါတယ်။ ကမ္ဘာ့ မိုးလေဝသနဲ့ ဇလဗေဒ ဌာန မှ အတွင်းရေးမှူးချုပ် မီရှဲဂျာရိုး ကလည်း လူတွေ ရဲ့ ဖန်လုံအိမ် ဓါတ်ငွေ့ ထုတ်လုပ်မှု များပြားလွန်းတဲ့ အတွက် ကမ္ဘာကြီး ပိုမိုပူနွေး လာတဲ့ အကြောင်း ပြောသွားပါတယ်။