Eric Garner အမှု တရားရေးဌာနက အမြန်ဆုံး စစ်ဆေးမယ်။

  • 5 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဒီကိစ္စကို အမေရိကန် တရားရေး ဌာနက အမြန်ဆုံး စုံစမ်း စစ်ဆေးမယ်လို့ ရှေ့နေချုပ် Eric Holder ပြော

အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ ရဲရဲ့ ဖမ်းဆီးမှုအတွင်း Eric Garner ဆိုတဲ့ လက်နက်မဲ့ လူမည်းတဦးသေဆုံးသွားခဲ့တာနဲ့ ပတ်သက်လို့ ရဲဘက်က ဥပဒေချိုးဖောက်တာမျိုး ရှိတယ်လို့ စစ်ဆေး တွေ့ရှိမယ် ဆိုရင် ရဲကို တရားစွဲဆိုမယ်လို့ အမေရိကန် တရားရုံး ရှေ့နေချုပ် Eric Holderက ပြောပါတယ်။

Eric Garner ဘယ်လို သေဆုံးခဲ့တာလဲ ဆိုတာကို အမေရိကန် တရားရေး ဌာနက အမြန်ဆုံး စုံစမ်း စစ်ဆေး သွားမှာ ဖြစ်တယ်လို့ မစ္စတာ Holderက ပြောပါတယ်။

Eric Garner ကို လူဖြူ ရဲတဦးက လည်ပင်းညှစ် ဖမ်းခဲ့တဲ့အတွက် အသက်ရှူလို့ မရ ဖြစ်နေပုံကို သူ့ရဲ့ အိမ်နီးချင်းက ဗီဒီယို ရိုက်ထားပါတယ်။

အဲဒီရဲကို တရားမစွဲဖို့ ဂျူရီ တရားသူကြီး အဖွဲ့တဖွဲ့က ဆုံးဖြတ်ခဲ့အပြီး ဗုဒ္ဓဟူးနေ့တုန်းက နယူးယောက်မြို့ လမ်းမတွေပေါ်မှာ လူထောင်ပေါင်းများစွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့ မှာလည်း နောက်ထပ် ဆန္ဒပြမှုတွေ ထပ်လုပ်ဖို့ စီစဉ် ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ သီတင်းတပတ်လောက်တုန်းကလည်း မစ်ဆူရီပြည်နယ်မှာ လူဖြူ ရဲတဦးရဲ့ လက်ချက်နဲ့ Michael Brown ဆိုတဲ့ လက်နက်မဲ့ လူမည်း လူငယ်တဦး သေဆုံးခဲ့ရတာအပေါ် ရဲကို အပြစ်မပေးဖို့ ဂျူရီ တရားသူကြီးတွေက အလားတူ ဆုံးဖြတ်ခဲ့တဲ့အတွက် အကြမ်းဖက် ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နယူးယောက် မြို့တော်ဝန် Bill de Blasio ကတော့ Eric Garnerနဲ့ Michael Brown ကိုရော သူတို့ရဲ့ မိသားစုတွေကိုပါ လေးစားတဲ့ အနေနဲ့ အေးအေးချမ်းချမ်း ဆန္ဒပြကြဖို့ လူတွေကို တိုက်တွန်း ထားပါတယ်။