အင်္ဂါဂြိုဟ်ဆီ သွားမယ့် ယာဉ် စမ်းသပ် ပျံသန်းမယ်

  • 4 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption Orion ကို သယ်ဆောင်မယ့် ဒုံးပျံ ပစ်လွှတ်ချိန်ကို ရွှေ့ဆိုင်းခဲ့ရ

တစ်ချိန်မှာ လူသား တွေကို အင်္ဂါဂြိုဟ်ပေါ် ပို့ဆောင်ရာမှာ အသုံးပြုမယ့် အာကာသယာဉ်ကို အမေရိကန် အာကာသ အေဂျင်စီ နာဆာက စမ်းသပ် ပစ်လွှတ် မောင်းနှင်မှာ ဖြစ်ပါတယ်။

Orion လို့ ခေါ်တဲ့ အဲဒီ အာကာသယာဉ်ကို ဖလော်ရီဒါ ပြည်နယ်၊ Cape Canaveral ကျွန်းဆွယ် ကနေ ကမ္ဘာပတ် လမ်းဆီကို ပစ်လွှတ်ပြီး အရေးပါတဲ့ နည်းစနစ် အချို့ကို စမ်းသပ် သွားမှာ ဖြစ်ပါတယ်။

ထုချွန်ပုံ ရှိတဲ့ Orion အာသာသ ယာဉ်ဟာ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ် တွေတုန်းက လူသားတွေကို လကမ္ဘာကို ပို့ဆောင် ပေးခဲ့တဲ့ Apollo အာကာသ ယာဉ်နဲ့ ဆင်တူပေမယ့် ဒီ အာကာသယာဉ်က အရွယ် ပိုကြီးပြီး ပိုအဆင့်မြင့်တဲ့ နည်းပညာတွေ အသုံးပြု ထားပါတယ်။

အခု စမ်းသပ် မောင်းနှင်မှု မှာတော့ လူလိုက်ပါမှာ မဟုတ်သေး ပေမယ့် အလွန် အရေးကြီးတဲ့ စမ်းသပ်မှု အဖြစ် နာဆာက မှတ်ယူ ဖော်ပြထားပါတယ်။

အစောပိုင်းက ဒုံးပစ်စဉ် အနီးကို သင်္ဘော တစ်စင်း ခုတ်မောင်း လာပြီး လေတိုက်နှုန်း မြင့်လာတဲ့ အတွက် ကနဦး သတ်မှတ်ထားတဲ့ ပစ်လွှတ်မယ့် အချိန်ကို နောက်ရွှေ့ လိုက်ရပါသေးတယ်။

အချိန် ၄ နာရီကျော် ကြာမယ့် ဒီ စမ်းသပ် ပျံသန်းမှုမှာ Orion အာကာသယာဉ်ဟာ ကမ္ဘာကို ၂ ပတ် ပတ်ပြီး ပစ္စိဖိတ် သမုဒ္ဒရာထဲ ပြန်လည် ထိုးဆင်းမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ