ရုရှား အခက်အခဲ ကာလမှာ တောင့်ခံကြဖို့ ပူတင် ပြော

  • 4 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ရူဘယ်ငွေကို အရင်က တည်ငြိမ်အောင် ထိန်းနိုင်ခဲ့လို့ ပူတင် နာမည်ကောင်း ရခဲ့ဖူး။

ရုရှား ပါလီမန်မှာ သမ္မတ ဗလာဒီမာ ပူတင်က နှစ်လည် နိုင်ငံတော် မိန့်ခွန်းကို ပြောကြား ရာမှာ ရုရှား အနေနဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ ကာလကို ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြဖို့နဲ့ တောင့်ခံဖို့ လိုကြောင်း တိုက်တွန်း ပြောဆို လိုက်ပါတယ်။

ယူကရိန်း အရေးနဲ့ ပတ်သက်ပြီး ရုရှား အပေါ် အနောက် နိုင်ငံတွေက ပိတ်ဆို့ ဒဏ်ခတ် ခဲ့တာကြောင့် ရေနံစျေးတွေ ကျဆင်းခဲ့ပြီး ရုရှား စီးပွားရေးကို ထိခိုက် သွားတာ ဖြစ်ပါတယ်။

သမ္မတ ပူတင် လက်ထက် အတောအတွင်း တည်ငြိမ်မှု ရှိတဲ့ သင်္ကေတ အဖြစ် သတ်မှတ် ခံရတဲ့ ရုရှားသုံး ရူဘယ်ငွေ တန်ဖိုး ဟာလည်း ပြီးခဲ့တဲ့ တနင်္လာနေ့က ၁၉၉၈ နောက်ပိုင်း စံချိန်တင် စျေးနှုန်းကို လျော့ကျ ခဲ့ရပါတယ်။

သမ္မတ ပူတင်ရဲ့ မိန့်ခွန်းမှာ အမေရိကန် အစိုးရဟာ ရုရှရဲ့ အိမ်နီးချင်း နိုင်ငံတွေကို သြဇာ လွှမ်းမိုးဖို့ အမြဲတမ်း ကြိုးပမ်း နေတယ်လို့ ပြောကြားခဲ့ပြီး ယူကရိန်း ကိစ္စ မဖြစ်ပွားခဲ့ရင်လည်း အနောက်အုပ်စု အနေနဲ့ ရုရှားကို ဖြိုခွဲဖို့ အကြောင်းရှာ စွက်ဖက် နေမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ခရိုင်းမီးယားကို သိမ်းသွင်းတာနဲ့ ယူကရိန်း အရှေ့ပိုင်းမှာ ရုရှား ပါဝင်မှုတွေနဲ့ ပတ်သက်လို့လည်း မစ္စတာ ပူတင်က တင်းတင်းမာမာပဲ ခုခံ ကာကွယ် သွားခဲ့ပါတယ်။

အခုလို စီးပွားရေး ကျဆင်းတဲ့အထိ ဂယက်ရိုက်ခဲ့တဲ့ ကိစ္စတွေအတွက် သူ့အမှား မရှိဘူးလို့ မစ္စတာ ပူတင်က ရည်ရွယ် ပြောကြားလိုပုံ ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ