အိန္ဒိယမှာ မျက်လုံးတိမ် ခွဲစိတ်သူ ၁၅ ဦး မျက်စိကွယ်

  • 5 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မျက်လုံးတိမ် ခွဲစိတ်မှု ခံယူပြီး အမြင်အာရုံ ကွယ်သွားသူ အချို့

အိန္ဒိယ နိုင်ငံ ပန်ဂျပ် ပြည်နယ်က ပရဟိတ ဆေးခန်း တစ်ခုမှာ မျက်စိ တိမ်စွဲတဲ့ ရောဂါကြောင့် ခွဲစိတ် ကုသမှု ခံယူခဲ့သူ ၁၅ ယောက် အမြင်အာရုံ ကွယ်ပျောက် သွားခဲ့ကြရတဲ့ အတွက် ဒီကိစ္စကို အိန္ဒိယ အာဏာပိုင် တွေက စုံစမ်း စစ်ဆေးနေပါတယ်။

အဲဒီ ဆေးခန်းဟာ ကျန်းမာရေး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မပါဘဲ ပရဟိတ တည်ထောင်ထားတဲ့ ဆေးခန်း ဖြစ်ပြီး ရှိသင့်တဲ့ အထောက်အကူ ပစ္စည်းတွေလည်း မရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။

ဒါပေမယ့် ဆေးခန်း တည်ထောင်သူ ဖြစ်တဲ့ ပရဟိတ သမား Manjit Joshi ကတော့ ခွဲစိတ် ကုသမှု ခံယူခဲ့သူ ၄၉ ယောက် ရှိပြီး သူတို့အားလုံးကို လုံလောက်တဲ့ ဂရုစိုက် ကုသမှုတွေ ပေးခဲ့တယ်လို့ ပြောပါတယ်။

အဲဒီ လူနာ ၁၅ ယောက်ဟာ ထာဝရ မျက်လုံးကွယ်မှာလား၊ ဘယ်နှယောက် ကွယ်သွားနိုင်မလဲ ဆိုတာတွေကိုတော့ နောက် တစ်ပတ်လောက် စောင့်ကြည့်ပြီးမှ ပြောနိုင်မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အိန္ဒိယမှာ မျက်စိ တိမ်စွဲတဲ့ အသက်အရွယ် ကြီးသူတွေ အရေအတွက် ထောင်သောင်း ချီပြီး နှစ်စဉ် ပရဟိတ ဆေးခန်းတွေမှာ ခွဲစိတ် ကုသမှု ခံယူနေကြပါတယ်။

ပြီးခဲ့တဲ့ လကလည်း အိန္ဒိယ နိုင်ငံ အလယ်ပိုင်းက အစိုးရ ဆေးခန်း တစ်ခုမှာ သားကြောဖြတ် ခွဲစိတ် ကုသမှု ခံယူခဲ့ကြတဲ့ အမျိုးသမီး ၁၅ ယောက် သေဆုံးခဲ့ပြီး အခုတစ်ခါ ဒီကိစ္စ ထပ်မံ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ