ယီမင်မှာ ဓါတ်ပုံဆရာ နဲ့ ကျောင်းဆရာ အသတ်ခံရမှု

  • 6 ဒီဇင်ဘာ 2014
_yemen_304x171_ ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင်ပြည်သူတွေ ဒုက္ခကို ကယ်လိုသူ အသတ်ခံရ

ယီမင်နိုင်ငံ မှာ အယ်လ်ကိုင်ဒါ တွေ သတ်ပစ်လိုက်တဲ့ ဗြိတိသျှ နိုင်ငံဘွား၊ အမေရိကန် နိုင်ငံသား ခံယူထားတဲ့ ဓါတ်ပုံသတင်းထောက် Luke Somers ဟာ မနှစ် က ပြန်ပေးဆွဲခံရတာပါ။ အခုတော့ အမေရိကန် ဘက် က ကယ်ဖို့ ကြိုးစားတဲ့ ကြားက အသတ်ခံလိုက်ရတဲ့ အကြောင်း ကို ဘီဘီစီ သတင်းထောက် ဖရင့်ဂါဒနာ က သတင်းပေးပို့လိုက်ပါတယ်။

တကယ်တော့ Luke Somers ဟာ စစ်ဒဏ်ကြောင့် အရပ်သားတွေ ခံစားနေရတဲ့ ဒုက္ခ ကို သူ့ဓါတ်ပုံ ပညာ နဲ့ မီးမောင်းထိုးပြလိုတဲ့ ဆန္ဒသာရှိတဲ့ အကြောင်း၊ နိုင်ငံရေး နဲ့ ပတ်သက်လိုစိတ် မရှိသလို၊ ယီမင် အစိုးရ ထဲက အရေးပါတဲ့ ပုဂ္ဂိုလ် တွေ နဲ့ ထဲထဲဝင်ဝင် ရှိလိုသူ မဟုတ်တဲ့ အကြောင်း တွေ ကို သူ့မိတ်ဆွေ အမေရိကန်သူ က ဘီဘီစီ ကို ပြောပြပါတယ်။ သူဟာ ယီမင်နိုင်ငံသားတွေ အပေါ် မှာ အင်မတန် ကို ကြင်နာပြီး သူတို့ ခံစားနေရတဲ့ ဒုက္ခတွေ ကို စာနာ တတ်သူ တယောက် ဖြစ်ကြောင်း စကားပြောလည်း ချိုသာနူးညံ့ပြီး ဒေါသလည်း မထွက်တတ်သူ ပါ လို့ ပြောပြတာပါ။

အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင် ကလည်း ဓါတ်ပုံဆရာLuke Somers နဲ့ တောင်အာဖရိက က ကျောင်းဆရာ Pierre Korkie ကို အယ်လ်ကိုင်ဒါတွေ လက်ကနေ အမေရိကန် က ကယ်တင် ဖို့ ကြိုးပမ်းချက် မအောင်မြင် လိုက်ခြင်းဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းပါတယ်။ အမေရိကန် အနေနဲ့လည်း ဒီလိုလူမဆန်တဲ့ ပြစ်မှုတွေ ကျူးလွန်သူတွေ ကိုရအောင် ဖမ်းပြီး ဥပဒေ အရ အရေးယူမှာပါ။ အခုလည်း ရှောင်တခင် ဝင်စီးနင်းမှု ပြုရာမှာ တချို့ ကို ဖမ်းမိလို့ ဥပဒေ နဲ့ အညီ ဆောင်ရွက်မှာပါ လို့ ပြောသွားပါတယ်။

တောင်အာဖရိက က ကျောင်းဆရာ ကို ကယ်ဆယ်ဖို့ ငွေကြေးနဲ့ ရွေးဖို့ စီစဉ်ထားတဲ့ ပရဟိတ အဖွဲ့ က သူ့ကို လွတ်လာလိမ့်မယ် လို့ တွက်ထားကြ တာပါ။

ဒါဆိုရင် ဗြိတိသျှ အစိုးရ အနေနဲ့ ရော ကိုယ်နိုင်ငံသား တွေ အကြမ်းဖက် သမား တွေ ပြန်ပေးဆွဲ တာ ခံရရင်၊ ငွေကြေး နဲ့ ရွေးဖို့ စဉ်းစားပြီလား လို့ မေးရာမှာ တော့ ယူကေရဲ့ ပေါ်လစီ ဟာ မပြောင်းလဲဘူး၊ အကြမ်းဖက်သမား၊ ပြန်ပေးသမားတွေ ကို ငွေပေးပြီး တံဆာခံ တွေ ကို ရွေးနေရင် သူတို့ရဲ့ အကြမ်းဖက် လုပ်ငန်း သက်ဆိုးရှည်စေ နေမှာ ဖြစ်ကြောင်း ပြောတာ ကို ဘီဘီစီ သတင်းထောက် ဖရင့်ဂါဒနာ က သတင်းပေးပို့လိုက်ပါတယ်။