ဟန်းနီးမွန်း လူသတ်မှု စွဲချက်ကို တရားသေ လွှတ်ပေး

  • 8 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption Shrien Dewani ကို အပြစ်မရှိကြောင်း တောင်အာဖရိက တရားသူကြီးက ဆုံးဖြတ်လိုက်

၂၀၁၀ ခုနှစ်က တောင်အာဖရိကကို ပျားရည်ဆမ်း ခရီး ထွက်ခဲ့စဉ် ကိပ်ပ်တောင်း မြို့မှာ ဇနီး ဖြစ်သူကို လူသတ် သမား ငှားပြီး သတ်ခိုင်း ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ ဗြိတိန် နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင် Shrien Dewani ရဲ့ အမှုကို တောင်အာဖရိက တရားသူကြီးက တရားသေ လွှတ်ပေး လိုက်ပါတယ်။

မစ္စတာ Dewani ဟာ အမျိုးသား၊ အမျိုးသမီး လိင်စိတ် နှစ်မျိုး ရှိသူ ဖြစ်ပြီး ဆွီဒင် နိုင်ငံသူ ဖြစ်တဲ့ သူ့ဇနီးသည် Anni Dewani ကို သတ်ဖို့ အချိန် အတော်ကြာ ကတည်းက ပြင်ဆင် နေခဲ့တယ်လို့ စွဲချက် တင်သူတွေက စွပ်စွဲ ခဲ့ကြတာ ဖြစ်ပါတယ်။

စွဲချက် တင်သူတွေ ဘက်က တင်ပြချက်ဟာ အမှု တည်ဆောက် နိုင်လောက်တဲ့ ခိုင်လုံတဲ့ အဆင့်ကို ရောက်ဖို့ အလွန် အလှမ်းဝေး နေတဲ့အတွက် တရားသေ လွှတ်လိုက်တာလို့ တရားသူကြီး Jeanette Traverso က ပြောပါတယ်။

လူသတ်မှုနဲ့ လက်ရှိ အကျဉ်းကျ ခံနေရတဲ့ တက္ကစီ ကားသမား နဲ့ ကြံရာပါ တို့ရဲ့ အဓိက အထောက် အထားကိုလည်း တရားသူကြီးက ပယ်ချခဲ့ပါတယ်။

သူတို့ ထွက်ဆိုချက်တွေမှာ ရှေ့နောက် မညီတာတွေ၊ အလွဲအမှားတွေနဲ့ အပြည့်ပဲလို့ တရားသူကြီးက ပြောပါတယ်။

ဒီလူသတ်မှုမှာ ပါဝင် ပတ်သက်သူ ၃ ယာက်ကို အရေးယူ နိုင်ခဲ့တဲ့ အတွက် တရားစီရင်ရေး လုပ်ငန်းစဉ်ဟာ အချိန်ကုန် ငွေကုန် သက်သက်တော့ မဟုတ်ပါဘူးလို့ တရားစွဲဆိုရေး ဆိုင်ရာ အာဏာပိုင် အဖွဲ့ရဲ့ ပြောခွင့်ရသူ Nathi Ncube က ပြောပါတယ်။

သေဆုံးသူ Anni Dewani ရဲ့ မိသားစုကတော့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကို ဝမ်းနည်း စိတ်ပျက်မိတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ