IS ကိုတိုက်ဖို့ ညွန့်ပေါင်းတပ် တွေ အီရတ် ကို ထပ်စေလွှတ်

  • 9 ဒီဇင်ဘာ 2014
is ဓာတ်ပုံ မူပိုင် Reuters
Image caption သူတို့ ဘာသာရေး အမြင်တွေ အပေါ် လက်မခံသူတွေ ကို IS စစ်သွေးကြွတွေ က သတ်ဖြတ်နေ

အစ္စလာမ္မစ် နိုင်ငံတပ်ကို တိုက်ဖျက်ဖို့ အမေရိကန် ခေါင်းဆောင်တဲ့ ညွန့်ပေါင်း အဖွဲ့က နောက်ထပ် တပ်တွေ အီရတ်ကို စေလွှတ်ဖို့ အသင့်ရှိတယ်လို့ သိရပါတယ်။

စစ်သွေးကြွတွေကို ရင်ဆိုင် နှိမ်နင်း နေရတဲ့ အီရတ် နယ်ခံ တပ်တွေကို လေ့ကျင့် အကြံပေး နိုင်ဖို့ နောက်ထပ် တပ်သား ၁၅ဝဝ စေလွှတ်မှာ ဖြစ်ကြောင်း ညွန့်ပေါင်း တပ်တွေရဲ့ တပ်မှူး အမေရိကန် ဗိုလ်ချုပ်ကြီး James Terry က ပြောကြား လိုက်ပါတယ်။

အခု ထပ်ပို့မယ့် တပ်အင်အားတွေ ဟာ အရင် ကအမေရိကန် စစ်သား ၃၁၀၀ အီရတ်ကို ပို့ပေးမယ်ဆိုတဲ့ ကတိ အပြင် ထပ်ပို့မယ့်အင်အားပါ။

ဒီအခုအသစ်ပို့မယ့် တပ်အင်အား ၁၅၀၀ အထဲမှာ ညွန့်ပေါင်း တပ်ပေါင်းစုတပ်တွေ ထဲက ဘယ်နိုင်ငံ က ဘယ်နှစ်ယောက် ပါတယ် ဆိုတာတော့ မထုတ်ပြန်ပါဘူး။

အမေရိကန် နိုင်ငံခြားရေးဌာန က ဒီတပ်ပေါင်းစုမှာ နိုင်ငံပေါင်း ၆၀ လောက် ပါဝင်တယ်ဆိုတာတော့ အရင် က ကြေညာထားပါတယ်။

အခုတပ်အင်အားတွေ အီရတ် ကိုတိုးပို့မှာနဲ့ပတ်သက်ပြီး အမေရိကန် ကာကွယ်ရေး၀န်ကြီး ချပ်ဟေဂယ် က အီရတ်တပ်တွေအနေနဲ့ အမေရိကန် အပါအ၀င် တပ်ပေါင်းစု က အကူအညီတွေ နဲ့ နေရာယူသိမ်းပိုက်စစ်တွေ ကို ပိုလုပ်လာနိုင်မယ်၊ သူတို့ရဲ့တပ်ဖွဲ့စည်းပုံတွေ နေရာချပုံတွေ ကိုကောင်းလာမယ်၊ သူတို့ က ကမကထပြုပြီး အိုင်အက်စတွေ ကို တိုက်ဖို့ ကူတာဖြစ်တယ်၊ ဒါဟာ ရေရှည်လုပ်ရမှာလည်း ဖြစ်တယ် လို့ ပြောပါတယ်။

အခုလို တပ်ပေါင်းစုရဲ့တပ်အင်အားတွေ တိုးချပေးလိုက်တာဟာ အီရတ် တပ်တွေ ရဲ့ စွမ်းအား ကို မြှင့်တင်ပေးနိုင်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာတော့ အိုက်အက်စတွေ ရဲ့ ထိုးနှက်ချက်တွေ ကို အီရတ် တပ်တွေ သိပ်ပြီး မတုန့်ပြန်နိုင်ခဲ့ပါဘူး။

အိုင်အက်စတို့ဟာ ဆီးရီးယားနဲ့ အီရတ် က ဒေသဧရိယာ အတော်များများ ကို ထိန်းသိမ်းထားပြီး အလွန်ပြင်းထန်တဲ့ ဆွန်နီအစ္စလာမ် သဘောတရားတွေ ကိုင်စွဲကာ သူတို့ဘာသာရေး တရားကို မနာယူသူတွေ ကို သတ်ဖြတ်နေတာပါ။

ပြီးခဲ့တဲ့သီတင်းပတ် ဒီဇင်ဘာ ၃ ရက်ကနေ ဒီဇင်ဘာ ၈ရက် အထိ အီရတ် က အိုင်အက်စ ပစ်မှတ် ၃၁ နေရာကိုလည်း တပ်ပေါင်းစု ရဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့ပါသေးတယ်။

အိုင်အက်စ ရဲ့ စစ်ရေး အရ၊ ဘဏ္ဍာရေး အရ တောင့်တင်း ခိုင်မာမှုတွေ အီရတ်မှာ အထင်အရှားရှိနေတာ ကြောင့် ဒီ စစ်ပွဲ က ရေရှည်မှာလို့ အများက သုံးသပ် နေကြပါတယ်။