ICC က​နေ အာ​ဖ​ရိ​က နိုင်ငံ​တွေ နှုတ်ထွက်​ကြ​ဖို့ ဆော်ဩ

  • 12 ဒီဇင်ဘာ 2014
yoweri_museveni
Image caption တရားဥပဒေ စိုးမိုးရေး အတွက် ICC တည်ရှိမှု ကို အရင်က ထောက်ခံခဲ့ပေမယ့်၊ အခုတော့ ICC ဟာ အာဖရိက နိုင်ငံတွေ အပေါ် ဖိနှိပ်ရေး ယန္တယား ဖြစ်လာနေပြီ လို့ ယူဂန်ဒါ သမ္မတ မူဆားဗဲန်နီ က ပြောပါတယ်။

ယူဂန်ဒါ သမ္မတ ယိုဝယ်ရီ မူဆားဗဲန်းနီ က၊ အာဖရိက နိုင်ငံတွေ အားလုံးကို နိုင်ငံတကာ ခုံရုံး ICC ရဲ့ အဖွဲ့ဝင် နိုင်ငံတွေ အဖြစ်ကနေ နှုတ်ထွက်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ICC ဟာ အာဖရိက နိုင်ငံတွေ အပေါ် ဖိနှိပ်တဲ့ ယန္တယား ဖြစ်လာနေတယ် ဆိုပြီး သမ္မတ မူဆားဗဲန်းနီ က ဝေဖန်ခဲ့သလို၊ ICC ဟာ နိုင်ငံတကာ ခုံရုံး မဟုတ်ပဲ အနောက်အုပ်စု ခုံရုံး ဖြစ်တယ် ဆိုပြီးတော့ ပြောခဲ့ပါတယ်။

လာမယ့် အာဖရိက နိုင်ငံများ သမဂ္ဂ အစည်းအဝေးကျရင်၊ ICC ကနေ အာဖရိက နိုင်ငံတွေ တစုတဝေးတည်း နှုတ်ထွက်ကျဖို့ အဆိုကို တရားဝင် တင်ပြသွားမယ် ဆိုပြီးတော့လည်း မစ္စတာ မူဆားဗဲန်းနီ က ပြောခဲ့ပါတယ်။

လောလောလတ်လတ် မှာပဲ အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ကင်ညာရဲ့ လက်ရှိ သမ္မတ အူဟာရူး ကဲန်ယားတား ကို ICC က လူမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်သူ အဖြစ် စွဲဆို ထားခဲ့မှုကို ပလပ် ပေးခဲ့ပေမယ့်၊ ကင်ညာ ဒုသမ္မ ဝီလျမ် ရူးတို ကိုတော့ ဆက်လက် စွဲဆိုထားဆဲ ဖြစ်ပါတယ်။

အဲဒီ့ ဖြစ်ရပ်အပေါ် ထောက်ပြပြီး အရွေးကောက်ခံ လက်ရှိ အာဖရိက ခေါင်းဆောင်တွေ အပေါ် ICC က အခုလို ပုဒ်မတွေတပ်ပြီး တရား စွဲဆိုတာမျိုး မဖြစ်သင့်ဘူး ဆိုပြီး ယူဂန်ဒါ သမ္မတ မူဆားဗဲန်းနီ က ဝေဖန်ခဲ့ပါတယ်။