ဆစ်ဒနီ ဓါးစာခံဖမ်းထားမှု စီးနင်းရာမှာ ၃ ဦးသေ

  • 16 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် EPA
Image caption လုံခြုံရေးတပ်ဖွဲ့တွေ ဝင်စီးနင်း

သြစတြေလျ နိုင်ငံ ဆစ်ဒနီ မြို့လယ်က လင့်ကော်ဖီဆိုင်ကို တနင်္လာနေ့ မနက်ကတည်းက သေနတ်သမားတဦးရဲ့ ဓါးစာခံတွေ ဖမ်းထားတဲ့ ဖြစ်ရပ်ဟာ ၁၆ နာရီကျော် အကြာမှာ ပြီးဆုံးသွားခဲ့ပါပြီ။

ကွန်မန်ဒိုတပ်ဖွဲ့ဝင်တွေက အဲဒီ ကော်ဖီဆိုင်ကို ဝင်ရောက် စီးနင်းရာမှာ ဓါးစာခံ ၂ ဦးနဲ့ တကိုယ်တော် သေနတ်သမားလည်း သေဆုံးသွားပါတယ်။

သေဆုံးသူတွေဟာ အသက် ၃၄ နှစ်ရွယ် အမျိုးသား တဦးနဲ့ ၃၈ နှစ်ရွယ် အမျိုးသမီး တဦး ဖြစ်ပါတယ်။

အဆိုပါ သေနတ်သမားဟာ အသက်၅၀ အရွယ်၊ အီရန်လူမျိုး Man Haron Monis ဖြစ်ပြီး သြစတြေးလျမှာ ဒုက္ခသည်ခံယူ ထားသူဖြစ်ပါတယ်။

သူဟာ လိင်မှုဆိုင်ရာ စွဲချက်အတော်များကို ရင်ဆိုင်နေရသူဖြစ်ပြီး၊ အာဖဂန်နစ္စတန်မှာ ကျဆုံးခဲ့တဲ့ သြစတြေးလျ စစ်မှုထမ်းတွေရဲ့ မိသားစုဝင်တွေဆီကို စော်ကားတဲ့ စာတွေ ရေးသားပေးပို့မှုနဲ့ ပြစ်ဒဏ်ကျခံခဲ့ဘူးသူဖြစ်ပါတယ်။

သြစတြေလျ နိုင်ငံ ဝန်ကြီးချုပ် Tony Abbott က ဒီသေနတ်သမားဟာ အစွန်းရောက်ဝါဒကို ကြိုက်သူ၊ စိတ် မမှန်သူ ဖြစ်ရာက အစ္စလာမ္မစ် နိုင်ငံ လက်နက်ကိုင် အစွန်းရောက်အဖွဲ့ရဲ့ အထိမ်းအမှတ်သင်္ကေတ ကို အရေခြုံသူ ဖြစ်ကြောင်း၊ သူ့ရဲ့ အကြမ်းဖက်ရာဇဝတ်မှု နောက်ကြောင်းကိုလည်း အာဏာပိုင်တွေ သိပြီးဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ မှာ ပြောသွားပါတယ်။

ဓါးစာခံဖမ်းဆီးမှုကို ဝင်ရောက်စီးနင်းရာမှာ ဓါးစာခံ ၄ ဦး နဲ့ ရဲ အဖွဲ့ဝင် တဦးဒဏ်ရာရခဲ့တယ်လို့ သြစတြေလျ ဝန်ကြီးချုပ်က ပြောသွားခဲ့ပါတယ်။

သြစတြေးလျ နယူဆောက်ဝေးပြည်နယ်ရဲမင်းကြီးက ဒီဖြစ်ရပ်ဟာ သီးခြားဖြစ်ရပ်ဖြစ်ပြီး အကြမ်းဖက်သူ တဦးတည်းက သူ့ဖာသာသူ လုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ဘီဘီစီ လုံခြုံရေးဆိုင်ရာ သတင်းထောက် ဖရန်ဂါဒနာကတော့ ဒီလူအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ လုပ်လုပ် သြစတြေးလျနိုင်ငံဟာ အကြမ်းဖက်အန္တရာယ်ကို ရင်ဆိုင်နေရပြီး ခြိမ်းခြောက်မှုတွေဟာ ပိုတိုးလာနေတယ်လို့ ဆိုပါတယ်။

ဆီရီးယားက အစွန်းရောက်အဖွဲ့တွေဆီ သွားပူးပေါင်းတဲ့ သြစတြေးလျ နိုင်ငံသား ၇၀ ထက်မနည်းရှိပြီး၊ နိုင်ငံထဲမှာ ကျန်ရစ်တဲ့ သူတို့ရဲ့ အပေါင်းအပါတွေရဲ့ အန္တရာယ်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

သြစတြေးလျသမိုင်းမှာ အကြီးဆုံး အကြမ်းဖက်မှုတိုက်ဖျက်ရေး စီနင်းမှုတွေ ပြီးခဲ့တဲ့ စက်တင်ဘာလက လုပ်ခဲ့သလို အဲဒီလမှာပဲ အကြမ်းဖက်မှုအန္တရာယ်အဆင့်ကို တိုးမြှင့်ခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေကို လည်းပြဌာန်းခဲ့ပါတယ်။

ဝန်ကြီးချုပ်မစ္စတာ အက်ဘော့ ကတော့ သြစတြေလျ နိုင်ငံ သားတွေ ကို တုံလှုပ် ချောက်ချားသွားစေတဲ့ ဒီပြစ်မှု ကို ဆက်လက် စုံစမ်းဖေါ်ထုတ်သွားမယ်လို့ ပြောပါတယ်။