ပါကစ္စတန်ကျောင်းပစ်ခတ်မှု ကို ဝေဖန်ရှုံ့ချ

  • 17 ဒီဇင်ဘာ 2014
pakistan_school_attack_victims_ ဓာတ်ပုံ မူပိုင် AFP
Image caption ပါကစ္စတန်ကျောင်း ပစ်ခတ်မှုမှာ သေဆုံးသူများစျာပန

မနေ့တုန်း က ပါကစ္စတန် အနောက် မြောက်ဖက်ရှိ ပက်ရှ်ဝါ ဒေသ မှာ စစ်တပ် က ဦးစီးဖွင့်ထားတဲ့ စာသင်ကျောင်း ကို တာလီဘန်တွေ ဝင်ရောက် စီးနင်း တိုက်ခိုက်လို့ ၁၄၁ ဉီး သေဆုံးတဲ့ အနက် ကျောင်းသား ကလေးငယ်တွေ ၁၃၂ ဦး သေဆုံးတဲ့ အပေါ်မှာ ကမ္ဘာ့ နိုင်ငံတွေ နဲ့ အဖွဲ့အစည်းတွေ က ဝေဖန် ရှုံ့ချ ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဆိုရင် ပက်ရှ်ဝါ က ကျောင်းမှာ လူမဆန်တဲ့ သတ်ဖြတ်မှု ကြောင့် ကိုယ့်မိသားစု ထဲ က ကလေးတွေ အသက်ဆုံးရှုံးရတဲ့ အတွက် ကမ္ဘာအနှံ့က လူတွေ ဟာ စာနာစိတ်နဲ့ ကြေကွဲ မဆုံးဖြစ်ရ တဲ့ အကြောင်း၊ ဒါကြောင့် မို့ အပြင်းထန်ဆုံး ပြစ်တင်ရှုံ့ချတယ် လို့ ပြောပါတယ်။ ပညာသင်နေတဲ့ ကလေးတွေ ကို လူစိတ်ကင်းမဲ့စွာနဲ့ သတ်ဖြတ်မှု ဟာ သူရဲဘောကြောင်သူ တွေ ရဲ့ စက်ဆုတ်ဖွယ် လုပ်ရပ် လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောသွားတာပါ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ကလည်း ဒီ လူမဆန်တဲ့ လူသတ်မှု ကျူးလွန်သူတွေ ကို အရေးယူ အပြစ်ပေးနိုင်ဖို့ အတွက် အမေရိကန် အနေနဲ့ ပါကစ္စတန် အစိုး ကို လိုအပ်တဲ့ အကူအညီပေးမယ် လို့ ကမ်းလှမ်းလိုက်ပါတယ်။

ဒါပေမဲ့ တာလီဘန်တွေဟာ ၂၀၀၈ ခုက အစ္စလမ်မာဘတ် က မဲရီယော့ဟိုတယ် ကို ဗုံးခွဲ တိုက်ခိုက်မှု မှာ လူ ၅၃ ဉီး သေဆုံးခဲ့ရသလို၊ ၂၀၁၂ ခု ကလည်း ကျောင်းသူလေး မာလာလာ ကို သတ်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ဒီတုန်း ကလည်း အများအပြား ယူကြုံးမရ ဒေါသထွက်ကြရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ က တာလီဘန် နဲ့ အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပေမဲ့လည်း ကရာချီလေဆိပ် လူသတ်မှု ကြောင့် ပျက်ပြားသွားပါတယ်။ ဒီတော့ကာ တာလီဘန်တွေ မကြေနပ်တာ ပါကစ္စတန် အစိုးရ ကိုလား၊ ပါကစ္စတန် အစိုးရ ကို ထောက်ခံ အားပေးနေတဲ့ အမေရိကန် ကိုလား ဆိုတာ မသဲကွဲပါဘူး လို့ သံတမန်ရေးရာ ဘီဘီစီ သတင်းထောက် ဂျိမ်းစ်ရော်ဘင်စ် က သုံးသပ်ပါတယ်။

ပါကစ္စတန် အစိုးရ အနေနဲ့ လည်း တာလီဘန် ကို အပြတ်ချေမှုန်းရေး ဟာ မလွယ်ပါဘူး၊ အထူးသဖြင့် အစိုးရ ထိန်းချုပ်လို့ မရတဲ့ နိုင်ငံ့ အနောက်မြောက်ဖက် မှာ တာလီဘန် တွေ မင်းမူနေတာ နှစ် ၂၀ ရှိနေပါပြီ။ သို့ပေမဲ့လည်း အစိုးရ နဲ့ ပြည်သူ အကြား၊ ဘာသာရေး အစွန်းရောက်သူတွေ နဲ့ အနောက်အုပ်စု အားကိုးသူတွေ အကြား၊ ဘယ်လိုပဲ သဘောထား ကွဲလွဲပေမဲ့ အခုလို တိုင်းပြည်ရဲ့ အနာဂတ် လူမမယ် ကလေးတွေ အပေါ် ကျူးလွန်တဲ့ လူသတ်မှု၊ မသေပဲ ကျန်ရစ်တဲ့ ကလေးတွေရဲ့ သေရာပါ စိတ်ဒဏ်ရာ၊ မိဖ ဆွေမျိုးတွေရဲ့ ကြေကွဲရင်နင့်မှု တွေကတော့ ဖြေဖျောက် ဖို့ ခဲယဉ်းသွားပြီ ဖြစ်တဲ့ အတွက် ပါကစ္စတန် ပြည်သူတွေရဲ့ စိတ်ထားဟာ ပြောင်းလဲ သွားနိုင်ဘွယ်ရှိကြောင်း သံတမန်ရေးရာ ဘီဘီစီ သတင်းထောက် ဂျိမ်းစ်ရော်ဘင်စ် က ပြောပါတယ်။