ကင်မ်ဂျုန်အန်းကို သရော်ထားတဲ့ ရုပ်ရှင် မပြတော့

  • 18 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption The Interview ရုပ်ရှင်ကားကို လာမကြည့်ကြဖို့ ဟက်ကာအုပ်စုက လူထုကို သတိပေးထား

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ် ဂျုန် အန်းကို လုပ်ကြံတဲ့ အကြောင်း ဟာသ ရုပ်ရှင်ကားတခုကို အမေရိကန်နိုင်ငံမှာ လာမယ့် သီတင်းပတ်မှာ ပြသဖို့ စီစဉ်ထားတာကို ရုပ်ရှင်ရုံ အများအပြားက သူတို့ရုံတွေမှာ မပြနိုင်ဘူးလို့ ငြင်းဆန်ခဲ့ကြတာကြောင့် အဲဒီရုပ်ရှင် ထုတ်လုပ်တဲ့ Sony ရုပ်ရှင်ကုမ္ပဏီက ရုပ်ရုပ်ကားကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။

The Interview လို့ခေါ်တဲ့ အဲဒီ ရုပ်ရှင်ကားကို သွားမကြည့်ကြဖို့ အင်တာနက်ကနေ သတင်းအချက်အလက်တွေ ခိုးယူတဲ့ ဟက်ကာ အုပ်စုတစုက လူထုကို အစောပိုင်းက သတိပေးထားပါတယ်။

ဒါဟာ အရင်က မကြုံဖူးခဲ့တဲ့ ရာဇဝတ်မှု မြောက်တဲ့ တိုက်ခိုက်မှုမျိုး ခံခဲ့ရတာလို့ Sony ရုပ်ရှင်ကုမ္ပဏီက ပြောပါတယ်။

Sony ရုပ်ရှင်ကုမ္ပဏီရဲ့ အတွင်းရေး သတင်းအချက်အလက် အတော်များများကို အင်တာနက်ကနေ ခိုးယူပြီး လူသိရှင်ကြား ဖွင့်ချခဲ့တဲ့ အဲဒီ တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ မြောက်ကိုရီးယား ပါဝင်နေတယ်လို့ အမေရိကန် စုံစမ်းစစ်ဆေးသူတွေက ပြောကြောင်း သတင်းတွေက ဆိုပါတယ်။