ဖီဖာကို စစ်ဆေးတဲ့ အစီရင်ခံစာ ထုတ်ပြန်ဖို့ သဘောတူ

  • 19 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင် epa
Image caption ရွေးချယ်ပြီးသား ကမ္ဘာ့ဖလား အိမ်ရှင်တွေကို ပြန်ရွေးမှာ မဟုတ်ဟုဆို

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင်တွေကို ရွေးချယ်ရာမှာ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာမှာ မမှန်ကန်တဲ့ လုပ်ရပ်တွေ ရှိခဲ့တယ် ဆိုတဲ့အပေါ် စုံစမ်း စစ်ဆေးခဲ့တဲ့ အစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ဖို့ ဖီဖာ အမှုဆောင် အရာရှိတွေက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။

ဖီဖာ ဥက္ကဋ္ဌ ဆပ် ဘလတ္တာက သူ့အဆို ဥပဒေကြောင်းအရ သင့်တင့် လျောက်ပတ်တဲ့ ပုံစံနဲ့ အစီရင်ခံစာကို ထုတ်ပြန် ပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ၂၀၁၈ နဲ့ ၂၀၂၂ အတွက် ကမ္ဘာ့ဖလား အိမ်ရှင် နိုင်ငံတွေကိုတော့ ပြန်လည် ရွေးချယ်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင် အဖြစ် ရုရှား နိုင်ငံနဲ့ ၂၀၂၂ ကမ္ဘာ့ ဖလားပွဲကိုတော့ ကာတာ နိုင်ငံ တို့က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိထားတာ ဖြစ်ပါတယ်။

ဖီဖာကို စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ အမေရိကန် ရှေ့နေ မိုက်ကယ် ဂါစီယာရဲ့ အစီရင်ခံစာကို တည်းဖြတ်မှုတွေ အများအပြား လုပ်ထားမယ့်ပုံ ပေါ်တယ်လို့ သတင်းထောက်တွေက ပြောနေကြပါတယ်။

ဖီဖာကို စုံစမ်း စစ်ဆေးဖို့ မိုက်ကယ် ဂါစီယာကို အလွတ် စုံစမ်း စစ်ဆေးသူ အဖြစ် ဖီဖာက ခန့်အပ်ခဲ့တာ ဖြစ်ပြီး မစ္စတာ ဂါစီယာ ကတော့ သူ့ရဲ့ တွေ့ရှိချက်တွေကို ဖီဖာက တလွဲလုပ်ခဲ့တယ် ဆိုပြီး သူ့တာဝန်ကနေ နုတ်ထွက် သွားခဲ့ပြီး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ