ကျူးဘား အမေရိကန် ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်

  • 20 ဒီဇင်ဘာ 2014
us_cuba_flags ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် နဲ့ ကျူးဘား ဆက်ဆံရေးကဏ္ဍသစ်

အမေရိကန် ပြည်ထောင်စု နဲ့ ကျူးဘား နိုင်ငံ အကြားမှာ ဆက်ဆံရေး တင်းမာခဲ့တာ၊ နှစ်ပေါင်း ၅ဝ ကြာမြင့် ခဲ့ပြီးမှ သမ္မတ အိုဘားမား လက်ထက် မှာ ကဏ္ဍသစ် တရပ် ဖွင့်လှစ် လိုက်တဲ့ အကြောင်း ကို ဟားဗားနား မှ ဘီဘီစီ သတင်းထောက် ဝီးလ်ဂရန့် က ပေးပို့လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု နဲ့ ကျူးဘား နိုင်ငံ ဟာ ၁၉၆၀ ဝန်းကျင် ကျူးဘား တော်လှန်ရေး စတင်လိုက်တဲ့ ကာလ ကစလို့ ဆက်ဆံရေး အဆင်မချောခဲ့တာပါ။ အမေရိကန် က ကျူးဘား အပေါ် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု တွေ လည်း ပြုခဲ့ပါတယ်။

သမ္မတ အိုဘားမား က ကျူးဘား နဲ့ ပုံမှန် ဆက်ဆံရေး ပြန်လည်စတင် ဖို့ ကမ်းလှမ်းခဲ့တဲ့ အတွက် လာမဲ့ နှစ် ဧပြီလမှာ ပနားမား နိုင်ငံမှာ ကျင်းပမဲ့ အမေရိက နိုင်ငံများ ထိပ်သီး ညီလာခံ ကျရင် ကျူးဘားသမ္မတ ရောလ်ကတ်စတြို နဲ့ သမ္မတ အိုဘားမား တို့ မျက်နှာချင်းဆိုင် တွေ့ကြတော့မှာပါ။ အခုလို နှစ်နိုင်ငံ ဆက်ဆံရေး ပြေလည် လာတဲ့ တိုင်အောင်၊ ကျူးဘား အနေနဲ့ သူ့ရဲ့ ကွန်မြူနစ် နိုင်ငံရေး စနစ်၊ ဆိုရှယ်လစ် မူဝါဒတွေ ကို တော့ ပြောင်းလဲမှာ မဟုတ်ဘူး လို့ မနေ့က ဟားဗားနားမြို့တော် မှာ ခေါ်ယူတဲ့ အမျိုးသား လွှတ်တော် အခန်းအနား မှာ အတိအလင်း ပြောခဲ့ပါတယ်။

ကျူးဘားနိုင်ငံ အနေနဲ့ နှစ်ပေါင်းရာကျော် တိုက်ယူ ထိန်းသိမ်းခဲ့တဲ့ နိုင်ငံရေး ခံယူချက်တွေ ကို အမေရိကန် နဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန် ချင်တာနဲ့ပဲ၊ စွန့်လွှတ်ပစ်မယ် ဆိုတဲ့ အချက် ကို ဟန်ဆောင်ပြီးတော့တောင် မပြောနိုင် တဲ့ အကြောင်း၊ ဒီနိုင်ငံရေး ခံယူချက်တွေ ကို ပြည်သူတွေ သွေးမြေ အကျခံပြီး စွန့်လွှတ် အနစ်နာခံ တည်ဆောက် ယူခဲ့ရလို့ ဖြစ်ပါတယ် လို့ ပြောသွားတာပါ။

တဖက်မှာလည်း သမ္မတ အိုဘားမား အနေနဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု ကို ဖယ်ရှားပေးမယ် ဆိုပေမဲ့ ဒီကိစ္စ ကို ကွန်ဂရက် ရဲ့ သဘောတူညီချက် ရယူရဦး မှာပါ။ ဒါကြောင့်မို့ စီးပွားရေး ပိတ်ဆို့မှု ကင်းမဲ့ ဖို့ အရေး ကတော့ ခက်ခဲပြီး အချိန် ကြာနိုင် သေးတယ် လို့ သမ္မတ ရောလ်ကတ်စတြို က နိုင်ငံသားတွေ ကို အသိ ပေးလိုက်ပါတယ်။

ကျူးဘားဘက်ကလည်း ပျောက်ကြားစစ်နဲ့ အမေရိကန် ထောက်ခံခဲ့တဲ့ ဘာတစ်စတာ အစိုးရ ကို၁၉၅၉ ခုနှစ် က တော်လှန်ခဲ့ အပြီးမှာ ကျူးဘားရှိ အမေရိကန် စီးပွားရေး လုပ်ငန်း အားလုံးကို လျော်ကြေး မပေးပဲ၊ နိုင်ငံပိုင် သိမ်းပစ်ခဲ့တာပါ။ ဒီအချိန်က စလို့ အမေရိကန် က စီးပွားရေး ပိတ်ဆို့ခဲ့တာပါ။ တခါ ကျူးဘားကျွန်းမှာ ဆိုဗီယက် ဒုံးလက်နက်တွေ တပ်ဆင် ခဲ့တဲ့ အတွက်၊ စစ်ရေးအရ အပြန်အလှန် ခြိမ်းခြောက်မှု တွေ ရှိခဲ့တဲ့ အကြောင်း ဟားဗားနား မှ ဘီဘီစီ သတင်းထောက် ဝီးလ်ဂရန့် က သတင်း ပေးပို့လိုက်ပါတယ်။