အိုင်အက်စ်ငရဲခန်းက လွတ်လာတဲ့ မိန်းကလေးတွေ

  • 22 ဒီဇင်ဘာ 2014
Yazidi အမျိုးသမီးတွေ ဓာတ်ပုံ မူပိုင် AFP
Image caption အိုင်အက်စ်တွေက မူဆလင်မဟုတ်သူ အမျိုးသမီးတွေကို ပစ်မှတ်ထား

အီရတ်မှာ အိုင်အက်စ် အစ္စလာမ်မစ်နိုင်ငံ လက်နက်ကိုင်တွေဖမ်းဆီးခေါ်သွားပြီး လိင်ကျွန်အဖြစ်ရောင်းစားခံခဲ့ရတဲ့ နေရာက ထွက်ပြေးလွတ်မြောက်လာတဲ့ မိန်းကလေးတွေက သူတို့ ကြုံခဲ့ရတဲ့ အဖြစ်တွေကို ဘီဘီစီကို ပြန်ပြောပြခဲ့ကြပါတယ်။

ဖမ်းခံရသူ မိန်းကလေးတွေဟာ အီရတ်က ယာဇီဒီလို့ခေါ်တဲ့ ရှေးဟောင်းဘာသာဝင်တွေဖြစ်ပါတယ်။ သူတို့ကို ကျွန်စျေးကွက်လို လုပ်ပြီး လက်နက်ကိုင်စစ်သားတွေက လက်ပြောင်းလက်လွဲ ဝယ်ယူ အသုံးပြုခဲ့တယ်လို့ ဟာနာလို့ ခေါ်တဲ့ အသက် ၁၈ နှစ်အရွယ်မိန်းကလေးက ပြောပြပါတယ်။

"ကျွန်မတို့ ငိုပြီးတောင်းပန်လဲ မရပါဘူး၊ ကျွန်မတို့ကို ၁၂ ဒေါ်လာ လောက်နဲ့ ရောင်းလိုက်တယ်၊ ရိုက်ခံရတယ်၊ အနိုင်အထက် ကျင့်ခံရတယ်၊ နင်တို့ အရင်ဘဝတွေကို မေ့လိုက်ကြတော့လို့ပြောတယ်၊ ဥရောပက လာတဲ့ အိုင်အက်စ် လက်နက်ကိုင်တစ်ယောက်ဆို သူ့အိမ်မှာ မိန်းကလေး ၅ ယောက်တောင် ခေါ်ထားတယ်"လို့ ဟာနာက ပြောပါတယ်။

တချို့ မိန်းကလေးတွဆို အသက် ၁၁ နှစ်လောက်ပဲ ရှိသေးပြီး ငိုရင် အကြိမ်ကြိမ် ရိုက်နှက်တယ်လို့ဆိုပါတယ်။

အိုင်အက်စ်တွေက ယာဇီဒီနဲ့ ခရစ်ယာန် မိန်းကလေးတွေကို လိင်ကျွန်အဖြစ် အသုံးပြုနိုင်တယ်လို့ လက်ကမ်းစာစောင်တွေ ထုတ်ထားပါတယ်။

တချို့မိန်းကလေးတွေက ဒဏ်မခံနိုင်လွန်းလို့ ကိုယ့်လက်ကို ဓါးနဲ့ လှီးပြီး သတ်သေခဲ့ကြတယ်လို့လည်း လွတ်လာသူတွေက ပြောပါတယ်။