ကင်ဂျုံအွန်း ရုပ်ရှင် ပြတော့မယ်

  • 24 ဒီဇင်ဘာ 2014
The Interview ဓာတ်ပုံ မူပိုင် AFP
Image caption အရင်က မပြတော့ဘူးဆိုပြီး ပိုစတာတွေတောင် ဖြုတ်သိမ်းခဲ့

ပြမယ် မပြဘူးဖြစ်နေခဲ့ရတဲ့ ရုပ်ရှင်တစ်ကားကို အမေရိကန်ပြည်သူတွေ ခရစ္စမတ်နေ့မှာ ကြည့်ခွင့်ရကြရတော့မှာပါ။

အဲဒီကားကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို လုပ်ကြံတဲ့ အကြောင်း သရော်ပြီး ရိုက်ထားတဲ့ The Interview ဆိုတဲ့ ကားပါပဲ။

ဒီကားကို ခရစ္စမတ် နေ့ မှာ အမေရိကန် ရုပ်ရှင် ရုံ တချို့ မှာ ကန့်သတ်ပြီး ရုံတင်မယ် လို့ ဆိုနီ ရုပ်ရှင် ကုမ္ပဏီ က ကြေညာ လိုက် ပါတယ်။

ဆိုနီ ကုမ္ပဏီရဲ့ ဒီကြေညာချက်ကို သမ္မတ အိုဘားမားက ကြိုဆို လိုက်ပါတယ်။

ဒီကားကို ထုတ်လုပ်တဲ့ ဆိုနီ ရုပ်ရှင် ကုမ္ပဏီ ဒီလ အစောပိုင်းက ဆိုင်ဘာက ဝင်တိုက်ခိုက်ခံရပြီး မဖြန့်ရသေးတဲ့ သူ့ရဲ့ ရုပ်ရှင်တွေ အွန်လိုင်းပေါ်အတင်ခံလိုက်ရသလို ဆိုနီ ကုမ္ပဏီ ဝန်ထမ်းတွေရဲ့ ကိုယ်ရေး အချက်အလက် တွေလည်း ဖြန့်ချီတာ ခံလိုက်ရပါတယ်။

ဒီ ကားကို ပြရင် ဆိုနီနောက်ထပ် ဆိုးဆိုးဝါးဝါး အတိုက်ခိုက်ခံရမယ်၊ ရုံတင်ပြတဲ့ ရုပ်ရှင်ရုံကြီးတွေလည်း တိုက်ခိုက်ခံရမယ်လို့ ခြိမ်းခြောက်မှုတွေ ရှိခဲ့လို့ ဆိုနီက ဒီကားကို ခရစ္စမတ်မှာ ဖြန့်မယ်ဆိုပြီး ကြေငြာထား ခဲ့တာကို မဖြန့်တော့ဘူးလို့ ပြန်ရုပ်သိမ်းသွားပါတယ်။

ဒီလို လုပ်တာဟာ ခြိမ်းခြောက်မှုတွေကို အလျော့ပေးတာ ဆိုပြီး သမ္မတအိုဘားမားက အစ ဝိုင်းဝေဖန်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption မြောက်ကိုရီးယား ခေါင်းဆောင်ကို သရော်ထားတဲ့ ရယ်စရာ ဟာသကား ဖြစ်ပါတယ်။

ရုပ်ရှင်ရုံ တွေအများကြီး ပိုင်တဲ့ ကုမ္ပဏီ အကြီးစားကြီးတွေရဲ့ ရုံတွေ ကတော့ ဒီ ကားကို ပြဖို့ မသေချာသေးပါဘူး။ ဟောလီးဝုဒ်နဲ့ ရုပ်ရှင်လုပ်ငန်း တွေရှိရာ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့က ဘီဘီစီ သတင်းထောက် အဲလစ်စတာ လိသ်ဟက်ကတော့ အမေရိကန်လုံခြုံရေးအရာရှိတွေက သတိနဲ့ အားလုံးကို စောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။ ရုပ်ရှင်ရုံတွေကို အန္တရာယ်ပေးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေဟာ တကယ်ဖြစ်မလာနိုင်ဘူးလို့ အမေရိကန်ထောက်လှမ်းရေးဖက်က ယူဆထားပါတယ်၊ ဒါပေမယ့် အယ်လ်အေမှာတော့ ရဲတွေက ခရစ္စမတ်နေ့ဆိုရင် ပိုတိုးပြီး လုံခြုံရေး ယူကြပါတယ်။ အမေရိကန်မှာ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရပြီးကတည်းက အကြမ်းဖက်မှုအန္တရာယ်ကို လူတွေက သိတ်စိုးရိမ်နေကြပါတယ်လို့ အဲလစ်စတာ လိသ်ဟက်က ပြောပါတယ်။

ခရစ္စမတ်ကာလဟာ ရုပ်ရှင်တွေ ပွဲလမ်းတွေသွားတဲ့ ကာလဖြစ်လို့ ရုံတစ်ရုံရုံမှာ အန္တရာယ်တခုခု ဖြစ်သွားရင် တခြားရုံတွေကိုပါ ထိခိုက်နိုင်ပါတယ်။

ခြိမ်းခြောက်မှုဟာ မြောက်ကိုရီးယားက လာတယ်လို့လည်း အများက ယုံကြည် နေကြတယ်ဆိုတော့ ရုပ်ရှင်ထဲမှာ သရုပ်ဖော် ထားတဲ့ အတိုင်း မြောက်ကိုရီးယား ခေါင်းဆောင်က ထင်ရာ လုပ်တတ်တဲ့သူ ဆိုတော့ သူ့ရဲ့ တုန့်ပြန်မှုကို မှန်းမရနိုင် ဖြစ်နေတာကလည်း ပြရမယ့် ရုံတွေကို ပိုတိုးပြီး စိတ်မသက်သာ ဖြစ်စေခဲ့တာ ဖြစ်ပါတယ်။