Air Asia လေယာဉ် ပင်လယ် ကြမ်းပြင်ကို ရောက်သွားနိုင်

  • 29 ဒီဇင်ဘာ 2014
ဓာတ်ပုံ မူပိုင်
Image caption လေယာဉ်ပေါ် ပါသွားတဲ့ သူတွေရဲ့ မိသားစုတွေ မိတ်ဆွေ တွေ ပူးဆွေးနေ

ပျောက်ဆုံး နေတဲ့ AirAsia လေကြောင်းပိုင် လေယာဉ် ပင်လယ် ကြမ်းပြင် ကို ရောက်သွား လောက်ပြီလို့ ကယ်ဆယ်ရေး အဖွဲ့ အကြီး အကဲ က ပြောကြား လိုက်ပါ တယ်။

လေယာဉ်နဲ့ လေကြောင်း အာဏာ ပိုင်တွေ နောက်ဆုံး အဆက် အသွယ် ရတုန်းမှာ ရရှိတဲ့ အထောက် အထား တွေ အရ ဒီလေယာဉ်ဟာ ပင်လယ် ကြမ်းပြင် ကို ပျက်ကျ သွားတာ လို့ ခန့်မှန်းကြောင်း ရှာဖွေ အင်ဒို နီးရှား ကယ်ဆယ်ရေး အဖွဲ့ အကြီးအကဲ Bambang Soelistyo က ဂျာကာတာက သတင်းစာ ရှင်းလင်း ပွဲ တခုမှာ ပြောပါတယ်။

အင်ဒို နီးရှား လေတပ် ပြောခွင့်ရ Hadi Tjahnanto ကတော့ ပင်လယ် ထဲက ရေနံ ယိုဖိတ်မှု ရှိတဲ့ နေရာ တခုကို တွေ့ရှိ ထားပြီး အဲဒီမှာ အဓိက ထား ရှာနေ တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ လေယာဉ်ကြောင့် ရေနံ ယိုဖိတ် တာလား ဆိုတာ ကတော့ သေချာ မသိရ သေးပါဘူး။

Nangka ကျွန်း နားမှာ သြစတြေးလျ ရှာဖွေရေး လေယာဉ် ကနေပြီး ပစ္စည်း အစအန တွေ ရှာဖွေ တွေ့ရှိ တယ်လို့လည်း အင်ဒို နီးရှား အရာရှိ တယောက်က ပြောကြောင်း အေပီ သတင်း တပုဒ်မှာ ရေးသား ထားပါတယ်။

ဒါပေမဲ့ ဒီသတင်း ကလည်း ဒီ လေယာဉ် ပျောက်ဆုံးမှု နဲ့ ပတ်သက်တဲ့ အထောက် အထား ပြည့်ပြည့် စုံစုံ မရှိဘူးလို့ အင်ဒို နီးရှား ဒုသမ္မတ Jusuf Kalla က ပြောပါတယ်။

သင်္ဘော အစင်း ၃ဝ ၊ လေယာဉ် ၁၅ စင်းနဲ့ ရေလုပ်သား တွေ အပါ အဝင် ပူးပေါင်း ရှာဖွေ နေကြတယ် လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service

ဒီနေရာ တွေမှာ ရေ အနက်က ရေငုပ် သမား ဆင်းလို့ ရတဲ့ အနက်ပဲ ရှိတာမို့ ပျက်ကျ ရင်တောင် ရှာဖို့ မခက် ပါဘူး။ ရက်ပိုင်း အတွင်း သိရမှာ ပါလို့ သမုဒ္ဒရာ ဓာတ်ပုံ ပညာရှင် Simon Boxall က ဘီဘီစီ ကို ပြောပါတယ်။

AirAsia အစု ရှယ်ယာ စျေး တွေ ကတော့ ၇ ရာခိုင်နှုန်း ထိ ကျဆင်း ခဲ့ပါတယ်။ AirAsia ပိုင်ရှင် Tony Fernandes ကတော့ သူ့ အနေနဲ့ ဒီအဖြစ် ဆိုးကို မယုံကြည်နိုင် အောင် ဖြစ်ရတယ်လို့ ပြောပါတယ်။

လောလောဆယ်မှာ လေယာဉ် ဘယ်လို ဖြစ်သွား သလဲ သေချာ သိအောင် စုံစမ်း ဖို့ပဲ အာရုံစိုက် သွားမှာ ဖြစ်ပြီး ရှာဖွေ တွေ့ရှိရမှ ဘယ်လို ဖြစ်သွား သလဲ နောက်ဆက် တွဲ အတည်ပြု စရာတွေ ဆက်ပြီး ဆောင်ရွက် သွားမယ်လို့ Tony Fernandes က ပြောကြား ခဲ့ပါတယ်။

ဒီ လေယာဉ်ကို ၂ဝဝ၈ ခုနှစ်က မှာယူ ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ လကမှ လေကြောင်း ပြုပြင် မှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ အရင်က AirAsia လေကြောင်းမှာ ဒီလို လေယာဉ် ပျက်ကျတဲ့ သမိုင်း မရှိခဲ့ ဘူးလို့ သိရပါတယ်။

၂ဝ၁၄ ခုနှစ် အတွင်း မလေးရှား လေကြောင်း လေယာဉ်တွေ ပျောက်ဆုံး ပစ်ချ ခံရတာ တွေလည်း ဖြစ်ပွား ခဲ့တာမို့ ဒီနှစ်ကို လေကြောင်း လုပ်ငန်း အတွက် ကပ်ဆိုက်တဲ့ နှစ်၊ ကံဆိုးတဲ့ နှစ်လို့ ရေးသား ပြောဆို နေကြပြီး အရှေ့တောင် အာရှက လေကြောင်း လိုင်းတွေ လုံခြုံရေး အဆင့် မြှင့်တင် ရေးနဲ့ ပတ်သက်ပြီး ဝေဖန် ပြောဆို မှုတွေ ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ